close

အဆိုတော် ဘီယွန်းစေး ဂရမ်မီဆု အများဆုံးစံချိန်ချိုး

ပေါ့ပ်စူပါစတား ဘီယွန်းစေးဟာ ဖေဖော်ဝါရီ ၅ ရက်က ကျင်းပတဲ့ ဂရမ်မီဆုပေးပွဲမှာ ဆု လေးဆုထပ်ရပြီး ဂီတလောကမှာ အောင်မြင်မှုအများဆုံး စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။

ဘီယွန်းစေးဟာ ဒီနှစ်ဆုပေးပွဲမှာ အကောင်းဆုံး R&B သီချင်းဆု၊ အကောင်းဆုံး dance/electronic အယ်လ်ဘမ်ဆုအပါအဝင် ဂရမ်မီဆုလေးခု ထပ်ရခဲ့လို့ သူရဲ့ တသက်တာမှာ ဂရမ်မီဆု စုစုပေါင်း ၃၂ ဆုအထိ ရှိလာပြီး  ကွယ်လွန်သူ ဂန္ထဝင် ဂီတမှူး ဂျော့ချ် ဆိုလ်တီရဲ့ စံချိန်ကို ကျော်လွန်သွားခဲ့တာပါ။

“Break My Soul” သီချင်းနဲ့ ပေါက်ခဲ့တဲ့ အသက် ၄၁ နှစ်အရွယ် အဆိုတော် ဘီယွန်းစေးဟာ အကောင်းဆုံးအယ်လ်ဘမ်ဆုကိုတော့ မရခဲ့ပါဘူး။

ဗြိတိန်အဆိုတော် ဟာရီစတီးလက်စ်ဟာ ဒီနှစ်အတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုကို တနင်္ဂနွေနေ့က ဆွတ်ခူးသွားခဲ့ပါတယ်။

“ဒီကဏ္ဍထဲမှာရှိတဲ့ အနုပညာရှင်တိုင်းက ကျနော့်ကို အရမ်းကို စိတ်အားထက်သန်စေပါတယ်” လို့ စတီးလက်စ်က ဆုလက်ခံရယူချိန်မှာ ပြောခဲ့ပါတယ်။

“ဒီလိုညမျိုးမှာ ဂီတမှာ အကောင်းဆုံးဆိုတာ မရှိဘူးဆိုတာကို သတိရဖို့က ကျနော်တို့အတွက် အရမ်းအရေးကြီးပါတယ်” လို့လည်း သူက ပြောခဲ့ပါတယ်။

ဂရမ်မီဆုအတွက် မဲပေးသူတွေဟာ အနုပညာရှင် အများအပြားကြားမှာ ထိပ်တန်းဆုတွေကို ဖြန့်ကျက်ပေးခဲ့ကြပါတယ်။

ဂုဏ်ထူးဆောင်ဆုတွေကို Recording Academy က အဖွဲ့ဝင် ၁၁,၀၀၀ လောက်က ရွေးချယ်ပေးခဲ့ကြပါတယ်။

Up