close

ဂရိနိုင်ငံ

close

February 22, 2023

ဂရိနိုင်ငံရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကို အေသင်မြို့ခံများဆန္ဒပြ

ဂရိနိုင်ငံ အေသင်မြို့ရှိ အမေရိကန်သံရုံး အပြင်ဘက်မှာ ဆန္ဒပြသူအုပ်စုတစုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ရဲ့ ဂရိခရီးစဉ်ကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဂရိနိုင်ငံရှိ နိုင်ငံခြားစစ်စခန်းတွေကို ပိတ်သိမ်းဖို့နဲ့ ယူကရိန်းပဋိပက္ခမှာ ဂရိပါဝင်မှုကို အဆုံးသတ်ဖို့ တောင်းဆိုထားတဲ့ ကြွေးကြော်သံ စာတန်းတွေကို ကိုင်ဆောင်ထားပါတယ်။

ဆန္ဒပြသူတွေက အမေရိကန်ဟာ ဂရိအရေးမှာ ဝင်စွက်ဖက်ပြီး ယူကရိန်းပဋိပက္ခမှာ ပါဝင်ဖို့ တွန်းအားပေးနေတယ်လို့ စွပ်စွဲကြပါတယ်။

“သူတို့က နေရာတကာမှာ သူတို့နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်ပါတတ်တဲ့ နယ်ချဲ့နိုင်ငံဖြစ်ပြီး သူတို့ကလည်း နယ်ချဲ့တွေဖြစ်တာကြောင့် တကမ္ဘာလုံးကို ဝင်စွက်ဖက်ပြီး နယ်ချဲ့ဝါဒကို လုပ်ဆောင်နေကြတာ” လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

သူတို့ဟာ နယ်ချဲ့ဝါဒကို ဆန့်ကျင်နေတာဖြစ်ပြီးတော့ ဒီ ဂရိနိုင်ငံနဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်းက နေရာတိုင်းမှာ နယ်ချဲ့ဝါဒ ရှိနေတယ်လို့လည်း ဆိုပါတယ်။

တခြားဆန္ဒပြသူတယောက်ကလည်း “ဘလင်ကန်ဟာ ဂရိနိုင်ငံကို ရောက်ရှိလာနေတာဖြစ်ပြီး ကျနော်တို့နိုင်ငံရဲ့ ယူကရိန်းစစ်ပွဲမှာ ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ပြီး ဆန္ဒပြနေတာဖြစ်ကြောင်း၊ ဒီစစ်ပွဲမှာ ဂရိနိုင်ငံက လူတဦးတယောက်ကိုမှ ပါဝင်ပတ်သက်နေမှာကို မလိုလားကြောင်း” ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ တနင်္လာနေ့ညနေပိုင်းက အေသင်မြို့ကို ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ် ကီရီယာကို့စ် မစ်ဆိုတာကီစ်နဲ့ နိုင်ငံခြားရေးဝန်ကြီး နိကိုစ် ဒန်းဒိယပ်စ်တို့ကို တွေ့ဆုံခဲ့ပြီးတော့ မိတ်ဘက်အရေး၊ လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

5 mins Ago

February 9, 2022

အားကစားပွဲများတွင် စည်းမျဉ်းတင်းကျပ်မည်ဟု ဂရိအစိုးရ ပြော

အသက် ၁၉ နှစ်အရွယ် ဘောလုံးဝါသနာအိုးတယောက် အသတ်ခံရအပြီးမှာ အားကစားပွဲတွေမှာ စည်းမျဉ်းတွေ တင်းကျပ်မယ်လို့ ဂရိအစိုးရက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

ဂရိနိုင်ငံမြောက်ပိုင်း သက်ဆာလိုနီကီမြို့မှာ အဲရစ်ဘောလုံးကလပ်အသင်းကို ထောက်ခံသူတစ်ဦး သေဆုံးတဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းတွေနဲ့ အင်တာနက်စာမျက်နှာပေါ်မှာ လွှမ်းမိုးခဲ့တာပါ။

အားကစားရုံနားမှာ ရိုက်နှက်ပြီး ဓားနဲ့အသေထိုးသတ်တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး လူ ၉ ယောက်ထက်မနည်း အဖမ်းခံခဲ့ရပြီး တယောက်ကိုတော့ တရားစွဲခဲ့တာပါ။

ဂရိဘောလုံးလောကဟာ အကြမ်းဖက်မှု ထူပြောပြီး ဘောလုံးကလပ်တွေနဲ့ ဝါသနာအိုးတွေကြားက ဘောလုံးပွဲ မစခင်နဲ့ ပွဲပြီးချိန်တွေမှာ ပြဿနာဖြစ်လေ့ရှိပါတယ်။

ကြီးလေးတဲ့ ဒဏ်ငွေ ချမှတ်ထားပေမယ့် ဘောလုံးကွင်းထဲ ပရိသတ်က ကျူးကျော်ဝင်ရောက်လို့ အနှောင့်အယှက် ဖြစ်ရတဲ့ကိစ္စတွေက ဂရိမှာ မထူးဆန်းဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

1 year Ago
Up