အားကစားပွဲများတွင် စည်းမျဉ်းတင်းကျပ်မည်ဟု ဂရိအစိုးရ ပြော

အသက် ၁၉ နှစ်အရွယ် ဘောလုံးဝါသနာအိုးတယောက် အသတ်ခံရအပြီးမှာ အားကစားပွဲတွေမှာ စည်းမျဉ်းတွေ တင်းကျပ်မယ်လို့ ဂရိအစိုးရက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။
ဂရိနိုင်ငံမြောက်ပိုင်း သက်ဆာလိုနီကီမြို့မှာ အဲရစ်ဘောလုံးကလပ်အသင်းကို ထောက်ခံသူတစ်ဦး သေဆုံးတဲ့သတင်းဟာ သတင်းခေါင်းကြီးပိုင်းတွေနဲ့ အင်တာနက်စာမျက်နှာပေါ်မှာ လွှမ်းမိုးခဲ့တာပါ။
အားကစားရုံနားမှာ ရိုက်နှက်ပြီး ဓားနဲ့အသေထိုးသတ်တဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး လူ ၉ ယောက်ထက်မနည်း အဖမ်းခံခဲ့ရပြီး တယောက်ကိုတော့ တရားစွဲခဲ့တာပါ။
ဂရိဘောလုံးလောကဟာ အကြမ်းဖက်မှု ထူပြောပြီး ဘောလုံးကလပ်တွေနဲ့ ဝါသနာအိုးတွေကြားက ဘောလုံးပွဲ မစခင်နဲ့ ပွဲပြီးချိန်တွေမှာ ပြဿနာဖြစ်လေ့ရှိပါတယ်။
ကြီးလေးတဲ့ ဒဏ်ငွေ ချမှတ်ထားပေမယ့် ဘောလုံးကွင်းထဲ ပရိသတ်က ကျူးကျော်ဝင်ရောက်လို့ အနှောင့်အယှက် ဖြစ်ရတဲ့ကိစ္စတွေက ဂရိမှာ မထူးဆန်းဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။