ဂရိနိုင်ငံမှာ အလုပ်သမား ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့သီတင်းပတ်က လူပေါင်း ၅၇ ဦး သေဆုံးခဲ့ရတဲ့ ရထားတိုက်မှုကို ချီတက်ဆန္ဒပြခဲ့ကြတာကြောင့် မတ်လ ၈ ရက်က ဂရိနိုင်ငံရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်သွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က ရထား ၂ စင်း တိုက်မိမှုကြောင့် ဂရိမီးရထားကွန်ရက်ရဲ့ ပြိုကျပျက်စီးနေတဲ့ အခြေအနေအပေါ် လူအများ ဒေါသထွက်ခဲ့ကြပြီး ဒါဟာ ဂရိနိုင်ငံရဲ့ ဆယ်စုနှစ်ကြာ အကြွေးပြဿနာရဲ့ အမွေအနှစ်တခုအဖြစ် နှစ်ပေါင်းများစွာ လျစ်လျူရှုမှု၊ ရင်းနှီးမြှုပ်နှံမှု နည်းပါးမှုနဲ့ ဝန်ထမ်းနည်းပါးမှုတို့ကို အပြစ်တင်ရမှာဖြစ်ကြောင်း သပိတ်မှောက် အလုပ်သမားတွေက ပြောပါတယ်။
အေသင်ကနေ ထက်ဆာလိုကီနီကို ရထားတွေ ထွက်ခွာမယ့် ဟယ်လင်းနစ် မီးရထားအဖွဲ့က တာဝန်ယူဆောင်ရွက်တဲ့ အေသင် ပင်မဘူတာရုံကြီးမှာ ဖယောင်းတိုင်မီးတွေ ပုံဖော်ထွန်းညှိထားတဲ့ “မမေ့သင့်ဘူး” ဆိုတဲ့ လူထုရဲ့ခံစားချက်ကို ထင်ဟပ်နေတဲ့ စကားလုံးတွေဟာ ရထားချင်းတိုက်မိချိန် ညဘက်ကြီးမှာ ပေါ်လာတာပါ။
ဆန္ဒပြမှုရဲ့ တစိတ်တပိုင်းအဖြစ် ကူးတို့သင်္ဘောတွေ ဆိုက်ကပ်ရာ Piraeus ရှိ အဓိကဆိပ်ကမ်းမှာလည်း “ရာဇဝတ်မှု ကျူးလွန်တာကို အရေးမယူဘဲ မနေပါနဲ့။ ရထားတွေနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ အားလုံးအတွက် ဘေးကင်းလုံခြုံတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို တောင်းဆိုပါတယ်” လို့ အလားတူခံစားချက်တွေကို ဆိုင်းဘုတ်ထောင် ရေးသားထားပါတယ်။
အေသင်မြို့တော်မှာ ရထားဘူတာရုံတွေနဲ့ ဘတ်စ်ကားဂိတ်တွေ ပိတ်ထားတာကြောင့် မနက်ခင်းခရီးသည်တွေဟာ တခြားရွေးချယ်စရာတွေ လုပ်ခဲ့ရပါတယ်။
အခုနွေရာသီမှာ သက်တမ်းကုန်ဆုံးမယ့် အစိုးရဟာ ရထားချင်းတိုက်မိမှုအတွက် လူသားအမှားကို အပြစ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် ကီရီယာကိုစ် မစ်ဆိုတာကီစ်က ဝေဖန်မှုတချို့ကို လက်ခံခဲ့ပုံရပြီး ဆယ်စုနှစ်ချီ လျစ်လျူရှုထားမှုကြောင့် ဒီဘေးသင့်မှု ဖြစ်စေနိုင်ကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။
ဂရိမြို့တော်က ပါလီမန်အပြင်ဘက်မှာ အစုလိုက်အပြုံလိုက် ဆန္ဒပြပွဲတွေဟာ မတ်လ ၈ ရက်နေ့ နှောင်းပိုင်းမှာ ပြီးဆုံးမယ်လို့ မျှော်လင့်ရပါတယ်။
ဂရိနိုင်ငံမှာ အဆိုးရွားဆုံး ရထားတိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၃၈ ဦး ရှိလာပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပြီးနောက်မှာ ဂရိရဲတပ်ဖွဲ့ဟာ လာရစ်ဆာမြို့က မီးရထားဘူတာရုံ အကြီးအကဲကို ဖမ်းဆီးထားပြီး သူ့ကို လူသေမှုနဲ့ ထိခိုက်ဒဏ်ရာ ရရှိစေတဲ့ ပေါ့ဆမှုတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။
သေဆုံးသူအများစုဟာ အားလပ်ရက် ကျောင်းပိတ်ရက်ရှည်က ပြန်လာတဲ့ တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြောင်း ယူဆထားကြပြီး သေဆုံးသူဦးရေ ထပ်တိုးလာဖွယ် ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ပဏာမ စုံစမ်းစစ်ဆေးမှုအရ လူအသေအပျောက်များတဲ့ ရထားတိုက်မှုဟာ ရထားနှစ်စင်းအတွက် လမ်းကြောပြောင်းရာမှာ ကြန့်ကြာတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဂရိနိုင်ငံမြောက်ပိုင်း အေသင်မြို့ကနေ ထက်ဆာလိုကီနီမြို့ကို ဦးတည်လာတဲ့ ခရီးသည်တင်ရထားဟာ လာရစ်ဆာမြို့အနီးရှိ ဥမင်လိုဏ်ခေါင်းတခုက ထွက်လာချိန်မှာ တိုက်မိခဲ့တာပါ။
စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ရထားနှစ်စင်း ဘာကြောင့် လမ်းကြောင်းတူနေတာလဲ ဆိုတာကို သိရှိဖို့ ကြိုးပမ်းခဲ့ကြပြီး အချက်ပြတာဝန်ခံ နယ်မြေခံရုံပိုင်ကို ဖမ်းဆီးထားတာ ဖြစ်ကြောင်း ရဲအရာရှိတဦးက ပြောပါတယ်။
ခရီးသည်တင်ရထားမှာ ခရီးသည် ၃၄၂ ဦးနဲ့ အမှုထမ်း ၁၀ ဦး တင်ဆောင်ခဲ့ကာ ကုန်တင်ရထားပေါ်မှာ အမှုထမ်းနှစ်ဦး လိုက်ပါခဲ့တာဖြစ်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ ဂီယန်နစ်စ် အွိုင်ကိုနိုမိုကတော့ ရထားနှစ်စင်းဟာ အချင်းချင်း မတိုက်မိကြခင်မှာ လမ်းကြောင်းတူပေါ်မှာ ကီလိုမီတာပေါင်းများစွာ အရှိန်ပြင်းပြင်း ခုတ်မောင်းနေခဲ့ကြကြောင်း ပြောကြားခဲ့ပါတယ်။
ရထားတိုက်မှုကြောင့် သေဆုံးသူတွေအတွက် အစိုးရက မတ်လ ၁ ရက်မှ ၃ ရက်အထိ နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတွေကို တိုင်တဝက် လွှင့်တင်ထားပါတယ်။
ဂရိသမ္မတ ကက်ထရီနာ ဆာကယ်လာရိုပိုလိုဟာ သူ့ရဲ့ မော်လ်ဒိုဗာခရီးစဉ်ကို ဖြတ်ချလိုက်ပြီး ဂရိကို ပြန်လာခဲ့ပါတယ်။
ဂရိသမ္မတဟာ ဗုဒ္ဓဟူးနေ့မှာ ရထားတိုက်မှုဖြစ်ပွားတဲ့နေရာကို သွားရောက်ခဲ့ပြီး အဖြစ်ဆိုးအတွက် ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကာ ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးခဲ့ပြီး သူတို့အတွက် လိုအပ်တဲ့အကူအညီအားလုံးကို ဂရိအစိုးရက ပံ့ပိုးပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရထားတိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အစိုးရက အပြည့်အဝ စုံစမ်းစစ်ဆေးသွားမယ်လို့ ဂရိနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကိုစ်တာစ် ကာရာမန်လိစ်က မတ် ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီမတော်တဆမှုကို တာဝန်ယူတဲ့အနေနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကာရာမန်လိစ်က ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ သူ့ရဲ့နုတ်ထွက်စာကို တင်သွင်းခဲ့ပါတယ်။