နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံအရေးကို ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။
“ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပျက်ကွက်ခဲ့တဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တစိတ်တပိုင်းပဲဖြစ်ပြီး မြန်မာပြည်သူပြည်သားတွေရဲ့ ဆင်းရဲဒုက္ခ အလွန်ကြီးမားပါတယ်”လို့ ဂူတာရက်စ်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေး တက်ရောက်လာခြင်းကို အဆုံးသတ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားတာပါ။
“မြန်မာနိုင်ငံနဲ့စပ်လျဉ်းပြီး အင်ဒိုနီးရှားအစိုးရနဲ့ အလွန်ကို နီးနီးကပ်ကပ် ကျွန်ုပ်တို့အတူ ကော်ပိုရေးရှင်းတွေ လုပ်ဆောင်ခဲ့တဲ့ အင်ဒိုနီးရှားသမ္မတရုံးကို ယုံကြည်ထားပါတယ်” လို့ ဂူတားရက်စ်က ပြောပါတယ်။
အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီအစီအစဉ်ကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ တင်ပြနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ် လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူပြောထားသလို အခြေအနေကိုထူထောင်ဖို့ ဖန်တီးနိုင်ရေးအတွက် သူ့ရဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ဟာလည်း အာဆီယံသံတမန်နဲ့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာလ ၁၁ ရက်က အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တောင်းဆိုလိုက်ပါတယ်။
“နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ချက်ချင်းပြန်စဖို့ မြန်မာ အာဏာပိုင်တွေကို ထပ်ခါတလဲလဲ တောင်းဆိုပါတယ်။ ဒါဟာ ထာဝရငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါတယ်” လို့ ဂူတာရက်စ်က ပြောကြားပါတယ်။
မြန်မာနိုင်ငံမှာ လူမှုရေးနဲ့နိုင်ငံရေး မငြိမ်မသက်မှုတွေ အရှိန်မြင့်လာတာနဲ့အမျှ ငြိမ်းချမ်းရေး အစီအစဥ်မှာ အတိုင်းအတာ တစ်ခုအထိ တိုးတက်မှုရှိလာအောင် လုပ်မလား ဒါမှမဟုတ် အစုအဖွဲ့ ရဲ့ အစည်းအဝေးတွေကနေ တားမြစ်ခံမလား ဆိုပြီး အရှေ့တောင်အာရှ အစိုးရအကြီးအကဲတွေက မြန်မာနိုင်ငံကို သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
မနှစ်တုန်းက ရရှထားတဲ့ အာဆီယံဘုံ သဘောတူချက် (၅) ချက်အပေါ် တိုးတက်မှု အနည်းငယ်သာ ရှိသေးကြောင်း အာဆီယံက ပြောကြားခဲ့ပြီး ခေါင်းဆောင်တွေဟာ တိကျတဲ့ အချိန်သတ်မှတ်ချက်နဲ့အတူ ခိုင်မာပြီး လက်တွေ့ကျကျ တိုင်းတာသိရှိနိုင်တဲ့ ညွှန်ပြချက်တွေ လုပ်ဖို့ လိုအပ်နေကြောင်း ကောက်ချက်ချခဲ့ပါတယ်။
အာဆီယံအနေနဲ့ အစည်းအဝေးအဆင့်ဆင့်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုမှုကို ပြန်လည်သုံးသပ်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက မြန်မာရဲ့စစ်အုပ်ချုပ်ရေးအုပ်စုမှ ခေါင်းဆောင်တွေကို ထိပ်သီးအစည်းအဝေးတွေကနေ တားမြစ်ခဲ့ကြောင်းလည်း ထပ်လောင်းပြောကြားပါတယ်။
နိုဝင်ဘာ ၁၁ ရက်က ဖနွမ်းပင်မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တက်ခွင့်မပေဘဲ မြန်မာရဲ့ ထိုင်ခုံနေရာကို အလွတ်ထား ကျင်းပခဲ့ပါတယ်။