close

ဂျီနီဗာ

close

January 22, 2022

ဂျီနီဗာတွင် အမေရိကန်နှင့်ရုရှား ယူကရိန်းအရေး ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဘရော့ဗ်တို့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား အဓိက ကွဲပြားခြားနားချက်တွေအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမစခင်မှာ နှစ်ဖက်စလုံးက ယူကရိန်းကိစ္စ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ တင်းမာမှု လျှော့ချနိုင်ဖို့သာ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ယူကရိန်းပြဿနာအပေါ် နှစ်နိုင်ငံရဲ့ ကွဲပြားခြားနားနေမှုကို အခု ဆွေးနွေးပွဲမှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်မထားပါဘူး၊ ဒါပေမဲ့ သံတမန်ရေးလမ်းကြောင်းကတဆင့် ကြိုးစားဖို့နဲ့ ပွင့်လင်းတဲ့ဆွေးနွေးမှု ဆက်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ မတူညီမှုတွေအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် လမ်းကို ဆက်လျှောက်ဖို့ ကတိကဝတ်ပြုရပါလိမ့်မယ်” လို့ စတင် ပြောခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်းယူကရိန်းကို စစ်ရေးကျူးကျော်တိုက်ခိုက်လာနိုင်တဲ့အပေါ် အနောက်နိုင်ငံတွေကြား စိုးရိမ်မှု မြင့်မားနေစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံခဲ့တာပါ။

ရုရှားဘက်က ချက်ချင်းတိုက်ခိုက်မှုကို ငြင်းဆိုထားပြီး၊ ပူတင်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေကို အနောက်နိုင်ငံတွေ မလိုက်လျောခဲ့ဘဲ  ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါက စစ်ရေးဆောင်ရွက်မှု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

2 mins Ago

January 11, 2022

အမေရိကန်နှင့်ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများ ဂျီနီဗာတွင် တွေ့ဆုံဆွေးနွေး

ယူကရိန်းနိုင်ငံထဲ ရုရုားကျူးကျော်ဝင်ရောက်နိုင်မှု အန္တရာယ်သစ်ကို ရှောင်ရှားဖို့ ဇန်နဝါရီ ၁၀ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ ရုရှား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပြီး တင်းမာတဲ့ ဆွေးနွေးမှုတွေနဲ့ စတင်ခဲ့ကြပါတယ်။

ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဆာဂျီရေးဘော့ဗ်က ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ လိုလားချက် အများအပြားကို တောင်းဆိုပြီး အခုအစည်းအဝေးတခုတည်းနဲ့ မပြတ်ရင် သံတမန်ရေး ဆွေးနွေးမှုတွေ ပြီးဆုံးသွားနိုင်တယ်လို့ ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စဝင်ဒီရှာမန်ကတော့ သူ့ပြောချက်ကို ငြင်းပယ်လိုက်ပြီး “အမေရိကန်အနေနဲ့ ရုရှားရဲ့ စိုးရိမ်သောကတွေကို နားထောင်ပေးမှာပါ၊ ကျမတို့ မဟာမိတ်နိုင်ငံတွေကြား ရုရှားတင်ပြတာတွေ မျှဝေမယ်၊ အခုအစည်းအဝေးမှာ ဥရောပမဟာမိတ်တွေ မတက်ရောက်တာကြောင့် ဥရောပလုံခြုံရေးအကြောင်း  မဆွေးနွေးဘူး” လို့ အစည်းအဝေးမစခင် ပြောထားပါတယ်။

လွန်ခဲ့တဲ့နှစ် ၃၀ စစ်အေးခေတ်ပြီးကတည်းက အမေရိကန်နဲ့ ရုရှားကြား နှစ်ဘက် အဆင့်မြင့်သံတမန်တွေရဲ့ တင်းမာတဲ့ ဆွေးနွေးပွဲလို့ ဆိုရမှာပါ။ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ တဦးကို တဦး ရင်းနှီးဖော်ရွေပုံမပြဘဲ ဓာတ်ပုံရိုက်တဲ့အခါ မျက်လုံးနဲ့ပဲ စွေကြည့်ခဲ့ကြပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားတပ် ၁ သိန်းနီးပါး ချထားပြီး စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာကို အမေရိကန်နဲ့ ဥရောပက ယူကရိန်းအား ဝင်ရောက်ကျူးကျော်မှုအသစ် စတင်ဖို့ လုပ်နေတယ်လို့ ရုရှားကို စွပ်စွဲထားပါတယ်။

ရှရှားဘက်ကတော့ ကျူးကျော်ဖို့ အစီအစဉ်မရှိဘဲ နေတိုးစစ်ရေးမဟာမိတ်တွေရဲ့ ဝင်ရောက်စွက်ဖက်တဲ့ အပြုအမူကို တားဆီးဖို့ တပ်ချထားတာလို့ ပြောဆိုပြီးနောက် ရုရှားက နေတိုးမဟာမိတ်အဖွဲ့ထဲ ယူကရိန်းကို အဖွဲ့ဝင်အဖြစ် လက်မခံဖို့ သတိပေးထားပါတယ်။

2 weeks Ago
Up