ဂျီနီဗာတွင် အမေရိကန်နှင့်ရုရှား ယူကရိန်းအရေး ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဘရော့ဗ်တို့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား အဓိက ကွဲပြားခြားနားချက်တွေအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးမစခင်မှာ နှစ်ဖက်စလုံးက ယူကရိန်းကိစ္စ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ တင်းမာမှု လျှော့ချနိုင်ဖို့သာ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ယူကရိန်းပြဿနာအပေါ် နှစ်နိုင်ငံရဲ့ ကွဲပြားခြားနားနေမှုကို အခု ဆွေးနွေးပွဲမှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်မထားပါဘူး၊ ဒါပေမဲ့ သံတမန်ရေးလမ်းကြောင်းကတဆင့် ကြိုးစားဖို့နဲ့ ပွင့်လင်းတဲ့ဆွေးနွေးမှု ဆက်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ မတူညီမှုတွေအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် လမ်းကို ဆက်လျှောက်ဖို့ ကတိကဝတ်ပြုရပါလိမ့်မယ်” လို့ စတင် ပြောခဲ့ပါတယ်။
ရုရှားက အိမ်နီးချင်းယူကရိန်းကို စစ်ရေးကျူးကျော်တိုက်ခိုက်လာနိုင်တဲ့အပေါ် အနောက်နိုင်ငံတွေကြား စိုးရိမ်မှု မြင့်မားနေစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံခဲ့တာပါ။
ရုရှားဘက်က ချက်ချင်းတိုက်ခိုက်မှုကို ငြင်းဆိုထားပြီး၊ ပူတင်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေကို အနောက်နိုင်ငံတွေ မလိုက်လျောခဲ့ဘဲ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါက စစ်ရေးဆောင်ရွက်မှု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။