ဂျေရုဆလင်မြို့ရဲ့ မြို့ဟောင်းက မွတ်စလင်ရပ်ကွက်မှာ အစ္စရေးအမျိုးသားရေးဝါဒီတွေ ထောင်ချီပြီး အလံတွေ ဝှေ့ယမ်းရင်း မေ ၂၉ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ပါလက်စတိုင်း အုပ်စုတွေကလည်း ဒီလုပ်ရပ်ဟာ အစ္စရေးနဲ့ ပဋိပက္ခ ပြန်လောင်ကျွမ်းစေနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒါကြောင့် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့လို့ ပါလက်စတိုင်းအယောက် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။
ဂါဇာဒေသမှာလည်း ပါလက်စတိုင်းတွေက အစ္စရေးအမျိုးသားရေးဝါဒီတွေရဲ့ ချီတက်ပွဲကို ဆန္ဒပြရင်း အစ္စရေး အလံတခုကို မီးရှို့ခဲ့ကြပါတယ်။
အယ်လ်အက်ဆာ ဗလီဝင်းထဲမှာ ကာလကြာရှည် တားမြစ်ပိတ်ပင်ချက်ကို အာခံပြီး ဝတ်ပြုနေတဲ့ ဂျူးတွေ စံချိန်တင် ရောက်လာခဲ့ပါတယ်။
ပါလက်စတိုင်းတွေက ကျောက်ခဲတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့လို့ ရဲတွေကလည်း အစောပိုင်းမှာ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပြန်ပစ်ခတ်ခဲ့ပါတယ်။
၁၉၆၇ အရှေ့အလယ်ပိုင်းစစ်ပွဲအပြီး မြို့ဟောင်းကို အစ္စရေးက သိမ်းပိုက်ခဲ့တဲ့ အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ ဒီချီတက်ပွဲကို နှစ်စဉ်ကျင်းပတာပါ။
ထောင်ချီတဲ့ပါဝင် ချီတက်သူတွေဟာ ကျောက်တုံး လမ်းကျဉ်းတွေတလျှောက် ကြွေးကြော်လေ့ ရှိပါတယ်။
အစ္စရေးက ဂျေရုဆလင် တမြို့လုံးကို သူတို့ရဲ့ ထာဝရ ခွဲခြားလို့မရတဲ့ မြို့တော်အဖြစ် ရှုမြင်ပြီး ပါလက်စတိုင်းတို့ကတော့ ဂျေရုဆလင် အရှေ့ဘက်အပိုင်းကို သူတို့ရဲ့ အနာဂတ် နိုင်ငံတော်ရဲ့ မြို့တော်အဖြစ် လိုချင်နေကြတာပါ။
အနောက်နိုင်ငံအစိုးရတွေက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကတော့ ယနေ့ခေတ် အစ္စရေးတနိုင်ငံလုံးကို သိမ်းပိုက်ခံ နယ်မြေလို့ ရှုမြင်ကြပါတယ်။
ဂျေရုဆလင်မြို့ဟောင်းရှိ အယ်လ်-အက်ဆာ ဗလီဝင်းအတွင်း ဧပြီ ၁၅ မနက်ပိုင်း ဝတ်ပြုဆုတောင်းအပြီး လုံခြုံရေးချထားတဲ့ အစ္စရေးရဲတွေနဲ့ မျက်နှာဖုံးစွပ် ကျောက်ခဲတွေနဲ့ ပစ်ပေါက်တဲ့ ပါလက်စတိုင်းတွေကြား ပဋိပက္ခဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အစ္စရေးနိုင်ငံမှာ အာရပ်တို့ရဲ့ လမ်းပေါ်တိုက်ခိုက်မှုတွေနဲ့ ဂါဇာဒေသ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေးလုံခြုံရေးအဖွဲ့တွေ အရေးပေါ် တိုးမြှင့်ချထားတာပါ။
အခုလမှာ မွတ်ဆလင်တွေရဲ့ မြင့်မြတ်တဲ့ ရာမာဒန်ဥပုသ်လ၊ ဂျူးဘာသာဝင်တို့ရဲ့ ပသခါပွဲနဲ့ ခရစ်ယာန်တို့ရဲ့ အီစတာပွဲတော်တို့ တိုက်ဆိုင်နေပြီး ဂျေရုဆလင်မှာ တင်းမာမှုတွေ မြင့်နေတာပါ။
အဲဒီဝင်းအတွင်းမှာ ဂျူးတွေ အရိုသေအလေးအမြတ်ထားတဲ့ Temple Mount နဲ့ မွတ်ဆလင်တို့ရဲ့ မြင့်မြတ်တဲ့ အယ်လ်-အက်ဆာ ဗလီ ရှိပြီး နှစ်ဖက်အုပ်စု အကြမ်းဖက်မှုဖြစ်ပွားနေတာကြောင့် ရဲတွေက ဝင်းထဲ ဝင်ခဲ့ရတာလို့ ပြောပါတယ်။
ပါလက်စတိုင်း လခြမ်းနီ လူနာတင်ဝန်ဆောင်မှုအဖွဲ့က မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခံရပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။