ဆိုမာလီလူမျိုး ၂ သိန်းကျော်ဟာ ကပ်ဘေးကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ခံစားနေရပြီး အများအပြားဟာ ငတ်မွတ်ခေါင်းပါးပြီး သေဆုံးနေကြရကာ ဒီအရေအတွက်ဟာ လာမယ့်နှစ်မှာ ၇ သိန်းကျော်အထိ တိုးလာမယ်လို့ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မဟာမိတ်အဖွဲ့တွေက ပြောပါတယ်။
ပေါင်းစည်းထားတဲ့ စားနပ်ရိက္ခာဖူလုံရေးအဆင့် အမျိုးအစားခွဲခြားခြင်း (IPC) ဟာ စားနပ်ရိက္ခာ အကျပ်အတည်းရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်ဖို့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းကို သတ်မှတ်ပေးတဲ့ အပြင်းထန်ဆုံးအဆင့်ဖြစ်တဲ့ “IPC အဆင့် ၅ အငတ်ဘေး” ကို ခဏရှောင်လွှဲထားပေမဲ့ အခြေအနေတွေ ပိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
ပဋိပက္ခ ဒါမှမဟုတ် မိုးခေါင်မှုကြောင့် လူ ၃ သန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဆိုမာလီယာ နိုင်ငံမှာ ကာလရှည်ကြာ အစ္စလာမ်မစ်သူပုန်ထမှုကြောင့် အကျပ်အတည်းဟာ တချို့နေရာတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကို အဟန့်အတား ဖြစ်စေပါတယ်။
၂၀၁၁ ခုနှစ်မှာ ဆိုမာလီယာရဲ့ နောက်ဆုံးအငတ်ဘေးကြောင့် လူ ၂ သိန်းခွဲလောက် သေဆုံးခဲ့ပြီး သေဆုံးသူ ထက်ဝက်ကတော့ အငတ်ဘေးကို တရားဝင် မကြေညာမီကတည်းက သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဆိုမားလီးယားနိုင်ငံမှာ ရာစုနှစ်တဝက်အတွင်း မကြုံစဘူး လူသေဆုံးတဲ့အဆင့်အထိ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရလို့ ရာနဲ့ချီတဲ့မိခင်တွေနဲ့ သားသမီးတွေ ငတ်မွတ်ခေါင်းပါးနေကြတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့ ယူနီဆက်ဖ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။
မြို့တော် မိုဂါဒစ်ရှူးက ဘာနာဒီယာဆေးရုံမှာ အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေအတွက်ကြောင့် ဆရာဝန်တွေ လုံးထွေးရုန်းကန်နေရပါတယ်။
အခြေအနေဟာာ ၂၀၁၁ ခုနှစ် အငတ်ဘေးနဲ့တူပြီး ၂၀၁၇ မိုးခေါင်မှုထက် ပိုဆိုးတယ်လို့ ကလေးအထူးကုဆရာဝန် အဝေး ဆိုလက်စ် ဟတ်ဆန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြို့တော်ရဲ့ ဆင်ခြေဖုံးမှာရှိပြီး လူဦးရေအလွန်ထူထပ်တဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း (IDP) ထဲက ယာယီတဲတွေထဲမှာ ရာနဲ့ချီတဲ့ အားနည်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ခိုလှုံနေကြတာကို ပြီးခဲ့တဲ့လက ရိုက်တာသတင်းထောက်တဦးက ဗီွဒီယို ရိုက်ကူးထားခဲ့ပါတယ်။
တချို့ စစ်ဘေးရှောင်မိခင်တွေဟာ ယာယီတဲတွေထဲမှာ နေကြပေမဲ့ တချို့က စခန်းထဲမှာရှိတဲ့ အကေးရှားသစ်ပင်တွေအောက်မှာ အိပ်ကြရပါတယ်။
လူတွေက စခန်းကို ဘာမှမရှိဘဲ ရောက်လာကြပြီး သူတို့ကိုကူညီဖို့ စခန်းက တတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့ စခန်းရဲ့ဒါရိုက်တာ ဖာဒူမာအဘ်ဒူ ကာဒီယာ ဝါဆာမေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆိုမားလီးယားနိုင်ငံမှာ ကလေးငယ် တသန်းခွဲကျော် အာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်ခြေရှိပြီး ခရိုင်နှစ်ခုဟာ အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း အငတ်ဘေးကြုံရဖို့ ခန့်မှန်းထားတယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။