close

ငဖဲမြို့နယ်

close

February 22, 2023

ပေါက်မြို့နယ်၌ ပျူစောထီးစခန်း တိုက်ခိုက်ခံရ၊ စစ်တပ်က လေကြောင်းတိုက်ခိုက် ရွာမီးရှို့၊ ငဖဲအခြေစိုက် ကပစ-၁၄ စက်ရုံ တိုက်ခိုက်ခံရပြီး ယမ်းသန့်စင်စက်ရုံရပ်နား

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ပျူစောထီးစခန်းတခုကို စီနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာက အင်အား ၃၅ ယောက်လောက် အထိုင်ချ တပ်စွဲထားတဲ့ ပျူစောထီစခန်းတခုကို ဒီမနက် ၅ နာရီလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ M7 People Defense Army ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မြတ်က ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်ချိန် ၂ နာရီကျော်လောက်အကြာမှာ စစ်ကောင်စီဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီး တက်လာပြီး မနက် ၈ နာရီကျော်လောက်မှာ ရွာပေါ်ကနေဝဲပြီး ဘေးပတ်ဝန်းကျင်တွေကို ပတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ရဲဘော်ဘခက်ကတော့ ကုက္ကိုစုကျေးရွာကို မနေ့က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းမှာ ချဉ်းကပ်ခဲ့ပြီး ဒီနေ့မနက် ၅ နာရီလောက်မှာ စတင်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ ရွာထဲကိုဝင်ရောက်ပြီး စခန်းသိမ်းခါနီးကျမှ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ သူတို့ဘက်က Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူ ပေးတာကြောင့် ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်။”

နှစ်ဖက်တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်လို့ လေကြောင်းပစ်ကူခေါ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာတော့  စစ်ကောင်စီရဲ့ ကပစ-၁၄ စက်ရုံ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ ယမ်းသန့်စင်စက်ရုံ ရပ်နားထားရတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု-PRA(မကွေး) ကနေ သိရပါတယ်။

“ငဖဲမြို့နယ်အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံအတွင်းက ယမ်းချက်စက်ရုံကို ဖေဖော်ဝါရီ ၉ ရက် မနက် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ ဟောလုံစစ်ကြောင်းနဲ့ မောလုံစစ်ကြောင်းတို့ ပူးပေါင်းပြီး ၁၀၇ မမ ၂ လုံး၊ RPG ၁ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ PRA-မကွေးရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာဂျူလီက ဒီဗွီဘီကို ပြောပါတယ်။

“နောက်ဆက်တွဲ လေ့လာစုံစမ်းချက်တွေအရ သူတို့ရဲ့ ယမ်းချက်လုပ်တဲ့ လုပ်ငန်းစဥ်တွေ အားလုံး ရပ်ဆိုင်းသွားပြီ။ သူတို့စက်ရုံတွေက တခုနဲ့တခု ချိတ်ဆက်ထားတာဖြစ်လို့ ဒီစက်ရုံတခု မရှိတာနဲ့ ကျန်တဲ့စက်ရုံတွေကပါ အလုပ်ဆက်လုပ်လို့မရတဲ့ အနေအထား ဖြစ်သွားတယ်။ ကျနော်တို့က အဲဒီစက်ရုံဟာ အနည်းဆုံး ၆ လလောက် ရပ်နားထားရမယ်လို့ ခန့်မှန်းထားပေမဲ့ ပညာရှင်တွေ ခန့်မှန်းတာကတော့ ပြန်လုပ်ဖို့တောင် မလွယ်ကူဘူးလို့ သုံးသပ်တယ်” လို့ ဗိုလ်ဟာဂျူလီက ပြောပါတယ်။

အဓိကတော့ ပစ္စည်းတွေတင်သွင်းရတဲ့ဟာတွေက ရုရှားထုတ်တွေဖြစ်တဲ့အတွက် တော်တော်ကို ခက်ခက်ခဲခဲ ပြန်လုပ်ရမယ့် အနေအထားရှိပြီး ကုန်ကျစရိတ်က ၁၉၉၆ ခုနှစ်က တည်ဆောက်တာတောင် သိန်း ၂,၄၀၀ ကုန်ရင် အခုနှစ် ကုန်ကျစရိတ်ဆိုရင် သိန်းပေါင်း သောင်းချီ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့်မို့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းမယ့် လက်နက်ခဲယမ်းထုတ်လုပ်တဲ့ ယန္တရား တစိတ်တပိုင်းကိုတော့ ဖျက်ဆီးပြီး နှောင့်နှေးအောင် လုပ်လိုက်နိုင်တယ်လို့ ပြောပါတယ်။

ငဖဲမြို့နယ်မှာ ဇန်နဝါရီ ၁ ရက် မနက်ကလည်း စစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရရှိခဲ့ရတယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA(မကွေး) ကနေ သိရပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်းမှာတော့  အိမ်ခြေ ၁၄၀ ကျော်ရှိတဲ့ အုန်းတောတောင်စု ကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြည်သူ့နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးပြီး တခြားနေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသယ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရာက်လာတာဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်ခတ်လာခဲ့ကာ ဘယ်လိုတိုက်ပွဲမျိုးမှမရှိဘဲ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးတာဖြစ်တယ်လို့ လူသားချင်း စာနာထောက်ထားရေး တာဝန်ခံ ကိုလိပ်ပြာက ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးပြီး ပြန်လည်ထွက်ခွာသွားချိန်မှာ ကျေးရွာအတွင်း နင်းမိုင်းတွေထောင်ခဲ့လို့ ပြည်သူတဦး နင်းမိုင်းထိပြီး ဒဏ်ရာရရှိတာမျိုးတွေ ရှိသလို နင်းမိုင်းတွေ ထောင်ထားခဲ့တဲ့အတွက် စစ်ဘေးရှောင်ပြည်သူ ၂၅၀ ကျော်ဟာ နေအိမ်တွေဆီ ပြန်လည်ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ အကူအညီတွေ လိုအပ်နေပါတယ်။

6 mins Ago

January 2, 2023

ငဖဲမြို့နယ်တွင် စစ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၃ ဦးအဖမ်းခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသွားပြီးနောက် အပြစ်မဲ့ ပြည်သူ ၃ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ လူထုတော်လှန်ရေးမဟာမိတ် အင်အားစု PRA(မကွေး) ကနေ သိရပါတယ်။

ငဖဲမြို့နယ်မှာ အမှတ်(၉၀၅) အမြောက်တပ်က စစ်သည်အင်အား  ၂၅ ယောက်လောက်လိုက်ပါလာတဲ့ စစ်ကောင်စီကားတစီးဟာ မနေ့ မနက် ၈ နာရီခွဲလောက်မှာ ဂုတ်ကြီးရွာနဲ့ မြေလတ်ရွာကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ PRA(မကွေး)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာကျူလီက ပြောပါတယ်။

“မိုင်းကတော့ ယမ်းအားနည်းနည်းပျော့သွားတာကြောင့် ကားကဆက်မောင်းသွားပြီး ကား​ပေါ်မှာပါတဲ့ စစ်(...)တွေ မိုင်းစထိမှန် ဒဏ်ရာရရှိကာ လမ်းခုလပ်မှာ ကားရပ်သွားလို့ လူနာတင်ကား ၂ စီးနဲ့ ဒဏ်ရာရတဲ့ စစ်(...)တွေကို လာသယ်သွားကြတယ်။”

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အနီးနားမှာ တွေ့ရှိတဲ့ ဂုတ်ကြီးရွာသားတယောက်အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး မြေလတ်ကျေးရွာကိုလည်း ဝင်ရောက် စစ်ဆေးမေးမြန်းနေတယ်လို့  ဗိုလ်ဟာကျူလီကပြောပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းက လုံခြုံရေးစစ်ကြောင်းကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ PRA မကွေးက ချုံခိုတိုက်ခိုက်ခဲ့လို့ ရဲတပ်ကြပ်တဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

2 months Ago
Up