close

ငဖဲမြို့နယ်တွင် စစ်ကား ၁ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ ၃ ဦးအဖမ်းခံရ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဇန်နဝါရီလ ၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်က ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရသွားပြီးနောက် အပြစ်မဲ့ ပြည်သူ ၃ ယောက်ဖမ်းဆီးခံခဲ့ရတယ်လို့ လူထုတော်လှန်ရေးမဟာမိတ် အင်အားစု PRA(မကွေး) ကနေ သိရပါတယ်။

ငဖဲမြို့နယ်မှာ အမှတ်(၉၀၅) အမြောက်တပ်က စစ်သည်အင်အား  ၂၅ ယောက်လောက်လိုက်ပါလာတဲ့ စစ်ကောင်စီကားတစီးဟာ မနေ့ မနက် ၈ နာရီခွဲလောက်မှာ ဂုတ်ကြီးရွာနဲ့ မြေလတ်ရွာကြားမှာ ပဒေသာမိုင်း ၃ လုံးတွဲနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ PRA(မကွေး)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ဟာကျူလီက ပြောပါတယ်။

“မိုင်းကတော့ ယမ်းအားနည်းနည်းပျော့သွားတာကြောင့် ကားကဆက်မောင်းသွားပြီး ကား​ပေါ်မှာပါတဲ့ စစ်(...)တွေ မိုင်းစထိမှန် ဒဏ်ရာရရှိကာ လမ်းခုလပ်မှာ ကားရပ်သွားလို့ လူနာတင်ကား ၂ စီးနဲ့ ဒဏ်ရာရတဲ့ စစ်(...)တွေကို လာသယ်သွားကြတယ်။”

အဲဒီမိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ အနီးနားမှာ တွေ့ရှိတဲ့ ဂုတ်ကြီးရွာသားတယောက်အပါအဝင် အပြစ်မဲ့ ပြည်သူ ၃ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး မြေလတ်ကျေးရွာကိုလည်း ဝင်ရောက် စစ်ဆေးမေးမြန်းနေတယ်လို့  ဗိုလ်ဟာကျူလီကပြောပါတယ်။

အဲဒီ မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမတွေ့ရသေးပါဘူး။

ငဖဲမြို့နယ် ဂုတ်ကြီးရဲကင်းစခန်းက လုံခြုံရေးစစ်ကြောင်းကိုလည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ PRA မကွေးက ချုံခိုတိုက်ခိုက်ခဲ့လို့ ရဲတပ်ကြပ်တဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up