တူရကီမှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (UNDP) တာဝန်ရှိသူတဦးက မတ် ၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ခန့်မှန်းပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီတောင်ပိုင်း ကာရာ မန်းမရာ့ရှ် ပြည်နယ်မှာ ရစ်ခ်ျတာစကေး ၇ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ နောက်ထပ် ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်တခု အဲဒီပြည်နယ်မှာပဲ ထပ်ပြီးလှုပ်ခတ်ခဲ့တာကြောင့် အသက်အိုးအိမ် စည်းစိမ် အများအပြား ဆုံးရှုံးခဲ့ရသလို နိုင်ငံတွင်းရှိ ပြည်နယ် ၁၀ ခုကျော်ဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။
အင်အားပြင်းငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုက အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၂ ဘီလီယံလောက် ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ကမ္ဘာ့ဘဏ်က ဖေဖော်ဝါရီ ၂၇ ရက်က အစီရင်ခံစာတစောင်မှာ ပြောထားပါတယ်။
ဒါပေမဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်ကုစားရေး ကုန်ကျစရိတ် စုစုပေါင်းကတော့ ၂ ဆလောက် များပြားနိုင်ကြောင်းလည်း ဆိုပါတယ်။
တူရကီသမ္မတ အာဒိုဂန်ကတော့ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ သူ့နိုင်ငံမှာ ၄၆,၁၀၄ ဦးအထိ မြင့်တက်လာခဲ့ကြောင်း တနင်္လာနေ့က ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အခုချိန်ထိ အဆောက်အဦပေါင်း ၂၃၀,၀၀၀ ကျော် ပြင်းပြင်းထန်ထန် ပျက်စီးခဲ့ရကြောင်းလည်း ပြောပါတယ်။
တူရကီသမ္မတနိုင်ငံမှာ အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် ဘေးဒဏ်သင့်ရတဲ့ ပြည်နယ်တွေမှာ ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ အဆောက်အဦ ၅၀,၀၀၀ ကျော်ရှိပြီး အဲဒါတွေဟာ အန္တရာယ်များပြီး ဘေးကင်းလုံခြုံမှု မရှိတာကြောင့် အရေးတကြီးဖြိုဖျက်ဖို့ လိုအပ်နေတယ်လို့ တူရကီ သဘာဝပတ်ဝန်းကျင်၊ မြို့ပြနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။
ငလျင်ဒဏ်ခံခဲ့ရတဲ့ ပြည်နယ် ၁၁ ခုရှိ အဆောက်အအုံ ၅၀,၅၇၆ လုံးကို အရေးပေါ်ဖြိုချဖို့ လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီး မူရတ် ခူရွမ်က ပြောခဲ့တာပါ။
ပျက်စီးဆုံးရှုံးမှု ဆန်းစစ်ခြင်းလုပ်ငန်းကို အင်အား ၇,၁၀၀ နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး စုစုပေါင်း အဆောက်အဦ ၃၈၇,၃၄၆ လုံးကို စစ်ဆေးခဲ့ကြောင်း ဝန်ကြီး ခူရွမ်က ပြောပါတယ်။
အခုချိန်ထိ တွေ့ရှိချက်တွေအရ အရေးပေါ်ဖြိုဖျက်ဖို့ လိုအပ်တဲ့ အဆောက်အအုံ ၅၀,၅၇၆ လုံး ရှိပြီး တခြားအဆောက်အဦ ၂၇၉,၆၅၅ လုံးကတော့ လုံးဝ မထိခိုက်တာတွေနဲ့ နည်းနည်းပါးပါး ပျက်စီးနေတာပဲရှိတယ်လို့ ဆိုပါတယ်။
ပြိုကျနေတဲ့အိမ်တွေကို အမြန်ဖြိုချပြီး ဘေးကင်းလုံခြုံတဲ့အိမ်တွေ ဆောက်မှာပါလို့ ခူရွမ်က တွစ်တာမှာ ပြောပါတယ်။
ငလျင်ကြောင့် တူရကီသမ္မတနိုင်ငံရှိ ရုပ်ဝတ္ထုအဆောက်အဦတွေ ပျက်စီးတဲ့ တိုက်ရိုက်ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံအထိ ရှိနိုင်ကြောင်း အမေရိကန် ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီး ဂျေပီမော်ဂန်က ကြာသပတေးနေ့မှာ ပြောပါတယ်။
တူရကီဗဟိုဘဏ်ဟာ လာမယ့်အပတ် အစည်းအဝေးမှာ အခြေခံ ပွိုင့် ၁၀၀ အတိုးနှုန်းကို ၈ ရာခိုင်နှုန်းကို လျှော့ချလိမ့်မှာဖြစ်ကြောင်း မျှော်လင့်ထားတယ်လို့ ဂျေပီမော်ဂန်က ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်နဲ့ နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်ခဲ့ပြီး တူရကီတောင်ပိုင်းနဲ့ အလယ်ပိုင်းတို့အပြင် ဆီးရီးယားမြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးစေခဲ့ပြီး သောကြာနေ့အထိ သေဆုံးသူပေါင်း ၄၄၀၀၀ နီးပါးရှိနေပြီ ဖြစ်ပါတယ်။