မွန်ပြည်နယ် ရေးမြို့နယ်က ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ စက်သုံးဆီစျေးနဲ့ ငါးဖမ်းကိရိယာပစ္စည်းဈေး မြင့်တက်လာတာကြောင့် ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်ကြဘဲ အရှုံးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
“အခု စက်သုံးဆီစျေးက ၄ ဆ လောက် တက်တယ်၊ ပြီးတော့ ငါးဖမ်းကိရိယာတွေက အစဈေးနှုန်းတွေမှာ ၃ ဆ လောက်နီးပါးလောက်တက်တော့ ကျန်တဲ့ အလုပ်သမားတွေရဲ့ စရိတ်ကလည်း များတော့ ပင်လယ်ငါးဖမ်းလုပ်ငန်းက ရေရှည်မှာ ဘယ်လိုမှ ဆက်လက်ရပ်တည်လို့ မရဘူး” လို့ ရေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ဒါ့အပြင် ငါးဖမ်းရာသီကာလမှာ ငါးမရကြတဲ့ ငါးဖမ်းလှေတွေ ကျပ်သိန်း ရာနဲ့ချီ အရှုံးပေါ် နေကြပြီး လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ရပ်နားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဈေးနှုန်းတွေ မြင့်တက်တာကြောင့် ရေလုပ်ငန်းရှင် ရာခိုင်နှုန်းထက်ဝက်ကျော်နီးပါးလောက် အခု ငါးဖမ်းရာသီမှာ အရှုံးပေါ်ကြသလို လာမယ့် ငါးဖမ်းရာသီမှာ လုပ်ငန်းပါ ရပ်နားထားရမယ့် အခြေအနေ ဖြစ်နေတယ်လို့ ရေလုပ်ငန်းရှင် ပြောပါတယ်။
ရေလုပ်သားအများစုဟာ အခြားမြို့တွေက လာရောက်လုပ်ကိုင်ကြတာဖြစ်ပြီး အလုပ်လက်မဲ့များလာပါက မလိုလားအပ်တဲ့ မှုခင်းပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
နှစ်စဉ် ငါးဖမ်းရာသီကာလ ရေးမြို့နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ အစီး ၅၀၀ လောက်ရှိပြီး ရေလုပ်သားတွေ ထောင်နဲ့ချီ၀င်ရောက်လုပ်ကိုင်နေကြတာပါ။
ထွက်ရှိလာတဲ့ ငါး၊ ပုစွန်၊ ငါးခြောက်မျိုးစုံကို ရေးမြို့နယ်အပြင် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးအထိ တင်ပို့နေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ငါးဖမ်းရာသီမှာ ငါးစျေးတွေ ရရှိနေပေမဲ့ ငါးဖမ်းကိရိယာ ဆက်စပ်ပစ္စည်းတွေမှာ အဆမတန် မြင့်တက်ခဲ့တာကြောင့် ရေလုပ်ငန်းရှင်တွေ အခက်အခဲကြုံနေကြတယ်လို့ ပြောပါတယ်။
ရေလုပ်ငန်းရှင်တဦးက “ဒီနှစ်ငါးဖမ်းရာသီမှာက ငါးဖမ်းကိရိယာပစ္စည်းတွေလည်း ပြီးခဲ့တဲ့နှစ်တွေထက် ဈေးတွေ ၂ ဆလောက် အဆမတန်တက်ခဲ့တယ်။ စက်သုံးဆီလည်း ဈေးတက်ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်အားခပေးရတဲ့ စရိတ်တွေကလည်း ကြီးမြင့်ပြန်တော့ ရရှိတဲ့ငါးဈေးနဲ့ ကုန်ကျစရိတ်နဲ့က တွက်ခြေမကိုက်ဘူး” လို့ ပြောပါတယ်။
လက်ရှိမှာ မွန်ပြည်နယ် ရေးမြို့နယ်ထွက် ငါးဈေးကောင်းတဲ့ကာလ ဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့်နဲ့ ပြည်တွင်းအခြေအနေ မတည်ငြိမ်မှုတွေကြောင့် ကုမ္ပဏီတွေက ဈေးနှိမ် ဝယ်ယူနေတဲ့အတွက် အရှုံးပေါ်တဲ့သူတွေလည်း ရှိတယ်လို့ ရေလုပ်ငန်းရှင် နောက်တဦးက ပြောပါတယ်။
“ရေထွက်ပစွည်း တင်ပို့မှုက ရှိနေပေမဲ့ ငွေကတော့ အရင်ကလို မလည်ပတ်နိုင်သေးဘူး။ ငါးကလည်း ရတဲ့သူက ရ၊ မရတဲ့သူက ရတော့ ပုံမှန်မရှိဘူး။ ကျပ်သိန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားတော့ ငွေက စိုက်ပြီး လုပ်ရတော့ တွက်ခြေမကိုက်ကြဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်က ပိတ်ထားတာကြောင့် တင်ပို့လို့မရဘဲ ပြည်တွင်း ဈေးကွက်လည်း ကျဆင်းလာတာကြောင့် ငါးလုပ်ငန်းရှင်တွေ ငွေကြေးလည်ပတ်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ ဆိုပါတယ်။
လက်ရှိငါးဈေးကွက်မှာ ငါးပုဏ္ဏား တစ်ပိသာ ၆၀၀၀ ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိသာ ၉၀၀၀ ကျပ်၊ (အလတ်) ၇၀၀၀ ကျပ်၊ (အသေး) ၆၅၀၀ ကျပ်၊ ငါးပျက် (အကြီး) တစ်ပိသာ ၄၅၀၀ ကျပ်အထိသာ ရကြပြီး တနေနဲ့တနေ့ ဈေးနှုန်းမတူဘူးလို့ သိရပါတယ်။ပင်လယ်ပြင် ငါးဖမ်းရာသီကာလမှာ ရေးမြို့နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ ၆၀၀ နီးပါးလောက် ရှိပြီး ရေလုပ်သားက ၄၀၀၀ ကျော်ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။