close

ငါးဖမ်းကိရိယာနှင့်ဆက်စပ်ပစ္စည်းများ ဈေးမြင့်တက်သဖြင့် ရေးမြို့လုပ်ငန်းရှင်များ အခက်ကြုံ

မွန်ပြည်နယ်၊  ရေးမြို့နယ်  ပင်လယ်ငါးဖမ်းရာသီမှာ  ငါးစျေးတွေ ရရှိနေပေမဲ့ ငါးဖမ်းကိရိယာ ဆက်စပ်ပစ္စည်းတွေမှာ အဆမတန် မြင့်တက်ခဲ့တာကြောင့် ရေလုပ်ငန်းရှင်တွေ အခက်အခဲကြုံနေကြတယ်လို့ ပြောပါတယ်။

ရေလုပ်ငန်းရှင်တဦးက “ဒီနှစ်ငါးဖမ်းရာသီမှာက ငါးဖမ်းကိရိယာပစ္စည်းတွေလည်း ပြီးခဲ့တဲ့နှစ်တွေထက် ဈေးတွေ ၂ ဆလောက် အဆမတန်တက်ခဲ့တယ်။  စက်သုံးဆီလည်း ဈေးတက်ပြီးတော့ အလုပ်သမားတွေရဲ့ လုပ်အားခပေးရတဲ့ စရိတ်တွေကလည်း ကြီးမြင့်ပြန်တော့ ရရှိတဲ့ငါးဈေးနဲ့ ကုန်ကျစရိတ်နဲ့က တွက်ခြေမကိုက်ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ မွန်ပြည်နယ် ရေးမြို့နယ်ထွက် ငါးဈေးကောင်းတဲ့ကာလ ဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့်နဲ့ ပြည်တွင်းအခြေအနေ မတည်ငြိမ်မှုတွေကြောင့် ကုမ္ပဏီတွေက ဈေးနှိမ် ဝယ်ယူနေတဲ့အတွက် အရှုံးပေါ်တဲ့သူတွေလည်း ရှိတယ်လို့ ရေလုပ်ငန်းရှင် နောက်တဦးက ပြောပါတယ်။

“ရေထွက်ပစွည်း တင်ပို့မှုက ရှိနေပေမဲ့ ငွေကတော့ အရင်ကလို မလည်ပတ်နိုင်သေးဘူး။ ငါးကလည်း ရတဲ့သူက ရ၊ မရတဲ့သူက ရတော့ ပုံမှန်မရှိဘူး။ ကျပ်သိန်းရာနဲ့ချီ ရင်းနှီးမြှုပ်နှံထားတော့ ငွေက စိုက်ပြီး လုပ်ရတော့ တွက်ခြေမကိုက်ကြဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ တရုတ်နယ်စပ်ဂိတ်က ပိတ်ထားတာကြောင့် တင်ပို့လို့မရဘဲ ပြည်တွင်း ဈေးကွက်လည်း ကျဆင်းလာတာကြောင့် ငါးလုပ်ငန်းရှင်တွေ ငွေကြေးလည်ပတ်ဖို့ အခက်အခဲ ကြုံနေရတယ်လို့  ဆိုပါတယ်။

လက်ရှိငါးဈေးကွက်မှာ  ငါးပုဏ္ဏား တစ်ပိသာ  ၆၀၀၀ ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိသာ ၉၀၀၀ ကျပ်၊ (အလတ်) ၇၀၀၀ ကျပ်၊  (အသေး)  ၆၅၀၀ ကျပ်၊ ငါးပျက် (အကြီး) တစ်ပိသာ ၄၅၀၀ ကျပ်အထိသာ ရကြပြီး တနေနဲ့တနေ့ ဈေးနှုန်းမတူဘူးလို့ သိရပါတယ်။ပင်လယ်ပြင် ငါးဖမ်းရာသီကာလမှာ ရေးမြို့နယ်အတွင်း ကမ်းနီးကမ်းဝေး ငါးဖမ်းလှေ  ၆၀၀ နီးပါးလောက် ရှိပြီး ရေလုပ်သားက ၄၀၀၀ ကျော်ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up