မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ သံဃာတော် ငါးပါးနဲ့ လူပုဂ္ဂိုလ်သုံးယောက်ကို ဇူလိုင် ၈ ရက်ဒီကနေ့ စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ် စီ အမိန့်ချလိုက်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ သံဃာတော်တွေကတော့ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေဝတ၊ ဦးဝီရိယဓမ္မ တို့ဖြစ်ပြီး လူပုဂ္ဂိုလ်သုံးယောက်ကတော့ ကိုဌေးလွင်စိုး၊ ကိုရှိုင်းအောင်နဲ့ ကိုဝင်းမင်း တို့ဖြစ်ကြကာ သူတို့အားလုံးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို အမိန့်ချခဲ့တာပါ။
“ဆရာတော်တွေအမှုက ဒီနေ့အမိန့်ချတာပါ။ ဦးရေဝတပါ သံဃာ ငါးပါးနဲ့ လူပုဂ္ဂိုလ် သုံးယောက်ကို ထောင်ဒဏ် သုံးနှစ်ချခဲ့တာပါ။” လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က မန္တလေးမှာ သံဃသမဂ္ဂသပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲကာ သံဃာ တော်တွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့တာပါ။
သံဃသမဂ္ဂအဖွဲ့ဝင်ဆရာတော်ဖြစ်တဲ့ ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာတော်ကိုလည်း စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၉ ရက် ညပိုင်းမှာ ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ သတင်းအစအန ပျောက်နေတယ်လို့ သံဃသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီလ ၁ ရက်နေ့က ရပ်ကွက်အလိုက်ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ပြီးလှည့်လည်ဆန္ဒပြနေကြပါတယ်။
တချို့ရပ်ကွက်တွေမှာတော့ ထိုင်သပိတ်တွေကို ငြိမ်းချမ်းစွာပြုလုပ်ခဲ့ကြသလို ညသပိတ်တွေတွေနဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ဆုတောင်းပွဲတွေကိုလည်း ရပ်ကွက်အလိုက် ပြုလုပ်နေကြပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက ပစ်ခတ်မှုကြောင့် မိုးကုတ်မြို့မှာ သေဆုံးခဲ့ရသူ စုစုပေါင်း ၁၁ ဦး ရှိပြီး ဒဏ်ရာရရှိသူက အရှေ့ပိုင်း ၁၀ ဦး အနောက်ပိုင်း ၃၅ ဦး စုစုပေါင်း ၄၅ ဦးရှိတယ်လို့သိရပါတယ်။