close

ငြိမ်းချမ်းစွာဆန္ဒပြသည့် မန္တလေး သံဃာ ၅ ပါးနှင့် လူ ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီချမှတ်

မန္တလေးမြို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ သံဃာတော် ငါးပါးနဲ့ လူပုဂ္ဂိုလ်သုံးယောက်ကို ဇူလိုင် ၈ ရက်ဒီကနေ့   စစ်ကောင်စီရဲ့ ထောင်တွင်းတရားရုံးက  ထောင်ဒဏ် ၃  နှစ် စီ အမိန့်ချလိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ သံဃာတော်တွေကတော့  ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦး​ရေဝတ၊ ဦးဝီရိယဓမ္မ တို့ဖြစ်ပြီး   လူပုဂ္ဂိုလ်သုံးယောက်ကတော့  ကို​ဌေးလွင်စိုး၊ ကိုရှိုင်း​အောင်နဲ့ ကိုဝင်းမင်း တို့ဖြစ်ကြကာ သူတို့အားလုံးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆို အမိန့်ချခဲ့တာပါ။

“ဆရာတော်တွေအမှုက ဒီနေ့အမိန့်ချတာပါ။ ဦးရေဝတပါ သံဃာ ငါးပါးနဲ့ လူပုဂ္ဂိုလ် သုံးယောက်ကို ထောင်ဒဏ် သုံးနှစ်ချခဲ့တာပါ။” လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂ ရက်က  မန္တလေးမှာ သံဃသမဂ္ဂသပိတ်စစ်ကြောင်းနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ်မှာ စစ်ကောင်စီတပ်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲကာ သံဃာ တော်တွေနဲ့ ကျောင်းသားတွေကို ဖမ်းဆီးသွားခဲ့တာပါ။

သံဃသမဂ္ဂအဖွဲ့ဝင်ဆရာ​တော်ဖြစ်တဲ့ ဦးပညာသီဟကိုလည်း ဇွန်လ ၁၀ ရက်​က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဦးစန္ဒိမာ (သင်္ဂဇာ) ဆရာ​တော်ကိုလည်း ​စစ်ကောင်စီတပ်သားတွေက ဖေ​​ဖော်ဝါရီ ၉ ရက် ညပိုင်းမှာ ဖမ်းဆီးသွားခဲ့ပြီး ယနေ့အထိ သတင်းအစအန ​ပျောက်နေတယ်လို့ သံဃသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

//
Up