close

ငြိမ်းချမ်းရေးဆွေး‌ေနွးပွဲ

close

December 13, 2022

ကိုလံဘီယာအစိုးရနှင့် ELN ပြောက်ကျားအဖွဲ့ ပထမအကြိမ် ငြိမ်းချမ်းရေးဆွေး‌နွေးပွဲ ပြီးဆုံး

ကိုလံဘီယာအစိုးရ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) ပြောက်ကျားတွေဟာ ဒီဇင်ဘာ ၁၂ ရက်က ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကာ့စ်မှာ ငြိမ်းချမ်းရေး ပထမအကြိမ်ဆွေးနွေးပွဲကို အပြီးသတ်လိုက်ပြီး နောက်တကြိမ် ညှိနှိုင်းမှုတွေကိုတော့ မက္ကဆီကိုမှာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ကိုလံဘီယာနိုင်ငံမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း အနည်းဆုံး လူပေါင်း ၄ သိန်းခွဲလောက် သေဆုံးခဲ့ရတဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ELN ရဲ့ကဏ္ဍကို အဆုံးသတ်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁ ရက်မှာ ပြန်စတင်ခဲ့ပါတယ်။

မက္ကဆီကိုဟာ လာမယ့် ဇန်နဝါရီလမှာ စတင်မယ့် ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ကြောင်း ကရာကာ့စ်မြို့ရှိ မက္ကဆီကိုသံအမတ် လဲပိုလ်ဒို ဒီဂိုက်ဗ်စ်က ပြောကြားခဲ့ပြီး မြောက်အမေရိကနိုင်ငံဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တရားဝင် အာမခံချက်ပေးဖို့ သဘောတူညီထားပြီးဖြစ်ကြောင်း ဆိုပါတယ်။

ELN ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Pablo Beltran က ဆွေးနွေးပွဲတွေကို လာမယ့်နှစ် ပထမသုံးလပတ်မှာ ပြန်လည်စတင်မယ်လို့ ပြောပါတယ်။

တနင်္လာနေ့က ဆွေးနွေးပွဲ ပြန်စတင်ချိန်မှာ ELN ရဲ့ စစ်ဆင်ရေးတွေ သိသိသာသာ ကျဆင်းသွားတာကို ဘိုဂိုတာ ကိုလံဘီယာရဲ့ ကာကွယ်ရေးဝန်ကြီး အိုင်ဗန် ဗယ်လာကွက်ဇ်က အသိအမှတ်ပြုခဲ့ပါတယ်။

ပူးတွဲကြေညာချက်မှာတော့ စေ့စပ်ညှိနှိုင်းရေးပါတီတွေဟာ ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကို အသိအမှတ်ပြုခြင်းနဲ့ ကိုလံဘီယာရဲ့ ချိုကိုနဲ့ ဗယ်လီ ဒယ်လ် ကောက်ကာ ပြည်နယ်တွေအတွက် အရေးပေါ် အာရုံစိုက်မှု လိုအပ်ကြောင်းတွေ အပါအဝင် အခုချိန်အထိ သဘောတူညီချက် ၄ ချက် ရရှိထားပြီးဖြစ်ကြောင်း ပြောကြားပြီး နောက်ထပ် တခြားအသေးစိတ်တွေကိုတော့ မပြောပါဘူး။

ထုတ်ပြန်ချက်ထဲမှာ ELN ဟာ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေကနေ ဘဏ္ဍာငွေရှာဖွေတယ်လို့ စွပ်စွဲခံထားရတဲ့ ဓားစာခံ အယောက် ၂၀ ကို သြဂုတ်လကတည်းက ပြန်လွှတ်ပေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။ အဖွဲ့မှာ လက်ရှိ ရှိနေဆဲ လူအရေအတွက်ကို မေးမြန်းကြည့်တာကိုတော့ မဖြေကြားခဲ့ပါဘူး။

6 hours Ago

October 5, 2022

ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စမည်

ကိုလံဘီယာအစိုးရနဲ့ လက်ဝဲယိမ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်အဖွဲ့တို့ဟာ လာမယ့်လမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်လည်ကျင်းပမယ်လို့  ပါတီနှစ်ရပ်စလုံးက အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကိုလံဘီယာအစိုးရနဲ့ ELN အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ပထမပတ် အပြီးမှာ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြန်လည်စတင်မှာဖြစ်ကြောင်း ပါတီတွေက ပြောထားပါတယ်။

အဲဒီကြေညာချက်ကို ELN ရဲ့ ပြောက်ကျားတပ်မှူးတွေဖြစ်တဲ့ အန်တိုနီယို ဂါစီယာနဲ့ ပါဘလို ဘဲလ်ထရန်တို့အပြင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး ဒါနီလို ရူအယ်ဒါတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုလံဘီယာအစိုးရနဲ့ ELN အတွက် ကိုလံဘီယာမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လိုအပ်နေတဲ့ အပြောင်းအလဲတွေမှာ လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှုက မရှိမဖြစ် လိုအပ်ပါတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုလံဘီယာကို ဦးဆောင်မယ့် ပထမဆုံး လက်ဝဲဝါဒီ သမ္မတ ဂူစတာဗို ပီထရို ရာထူးတက်ပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး ဒါနီလို ရူအယ်ဒါက ဟာဗားနားမှာ ELN ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ကျူးဘားကို သွားရောက်ခဲ့တာပါ။

ဒီအခွင့်အရေးကြောင့် ကိုလံဘီယာရဲ့ နိုင်ငံရေးအခြေအနေသစ်တွေက စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်စတင်ခွင့်ပြုခဲ့တယ်လို့ ထင်မြင်ကြောင်း ELN ရဲ့ ပြောက်ကျားတပ်မှူး ဂါစီယာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပါတီတွေဟာ ယုံကြည်မှုတည်ဆောက်ရေး အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း ရူအယ်ဒါက ဖြေကြားခဲ့ပါတယ်။

2 months Ago
Up