ကိုလံဘီယာအစိုးရနှင့် ELN သူပုန်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စမည်

ကိုလံဘီယာအစိုးရနဲ့ လက်ဝဲယိမ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ELN) သူပုန်အဖွဲ့တို့ဟာ လာမယ့်လမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြန်လည်ကျင်းပမယ်လို့ ပါတီနှစ်ရပ်စလုံးက အောက်တိုဘာ ၄ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကတ်စ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကိုလံဘီယာအစိုးရနဲ့ ELN အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာ ပထမပတ် အပြီးမှာ ဆွေးနွေးညှိနှိုင်းမှုတွေကို ပြန်လည်စတင်မှာဖြစ်ကြောင်း ပါတီတွေက ပြောထားပါတယ်။
အဲဒီကြေညာချက်ကို ELN ရဲ့ ပြောက်ကျားတပ်မှူးတွေဖြစ်တဲ့ အန်တိုနီယို ဂါစီယာနဲ့ ပါဘလို ဘဲလ်ထရန်တို့အပြင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး ဒါနီလို ရူအယ်ဒါတို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
ကိုလံဘီယာအစိုးရနဲ့ ELN အတွက် ကိုလံဘီယာမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လိုအပ်နေတဲ့ အပြောင်းအလဲတွေမှာ လူ့အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှုက မရှိမဖြစ် လိုအပ်ပါတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုလံဘီယာကို ဦးဆောင်မယ့် ပထမဆုံး လက်ဝဲဝါဒီ သမ္မတ ဂူစတာဗို ပီထရို ရာထူးတက်ပြီး ရက်ပိုင်းအကြာမှာပဲ နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မဟာမင်းကြီး ဒါနီလို ရူအယ်ဒါက ဟာဗားနားမှာ ELN ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ ကျူးဘားကို သွားရောက်ခဲ့တာပါ။
ဒီအခွင့်အရေးကြောင့် ကိုလံဘီယာရဲ့ နိုင်ငံရေးအခြေအနေသစ်တွေက စေ့စပ်ညှိနှိုင်းမှုတွေကို ပြန်လည်စတင်ခွင့်ပြုခဲ့တယ်လို့ ထင်မြင်ကြောင်း ELN ရဲ့ ပြောက်ကျားတပ်မှူး ဂါစီယာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
နှစ်ဖက် အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ပါတီတွေဟာ ယုံကြည်မှုတည်ဆောက်ရေး အဆင့်မှာ ရှိနေဆဲဖြစ်ကြောင်း ရူအယ်ဒါက ဖြေကြားခဲ့ပါတယ်။