ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ယခင်ထက် ခြိမ်းခြောက် ငွေကြေးကောက်ခံမှုတွေ ပိုမိုပြုလုပ်နေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မော်တော်ယာဉ်မောင်းတဦးက "ကချင်နဲ့ စစ်ကိုင်းအစပ်က နန့်စီးအောင်ဂိတ်မှာ အရင်က မရှိတဲ့အဖွဲ့တွေပါ တွေ့ရတယ်။ ရဲ၊ စစ်တပ် ယာဉ်ထိန်းအပါအဝင် သယံဇာတအဖွဲ့၊ မူးယစ်အဖွဲ့၊ သစ်တောအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ဘာမှန်းမသိတဲ့ အဖွဲ့တွေပါ ထပ်တိုးထားတယ်။ တဂိတ်ကို ၁၀၀၀ ကနေ ၁၀၀၀၀ အကြား ပေးရတယ်။ ကားအကြီးအသေးပေါ်မှုတည်ပြီးပေးရတယ်။ မပေးဘဲ ပေးပြီးသယောင်နဲ့ထွက်ရင် ငါတို့အဖွဲ့ ကျန်သေးတယ်လို့ လှမ်းအော်တော့ ဆင်းပေးရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု နိုဝင်ဘာလအတွင်းမှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ယဉ်တွေကို ဖမ်းဆီးပြီးနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေမှာ မော်တော်ယာဉ်မောင်းနှင်သူတွေကို ခြိမ်းခြောက်ငွေကြေးကောက်ခံမှုတွေ ယခင်ထက် ပိုမိုလုပ်ဆောင်လာတာလို့ ဆိုပါတယ်။
"ဗလမင်းထင် တံတား နားက စုပေါင်း ဂိတ်မှာဆိုရင် လိုင်စင်စစ်တယ်။ လိုင်စင်ပြလည်း ငွေပေးရတယ်။ လိုင်စင်မရှိတဲ့ကားဆိုလို့ကတော့ ကားထိုးခဲ့လိုက်တော့ မလားဆိုပြီး ငွေပိုတောင်းတယ်။ ကားပေါ်ဘာတင်လာလည်း ကြည့်ပြီးတောင်းတယ်။ အရင်က ဂိတ်ကြေး ၂ သောင်း၊ ၃ သောင်းလောက်ပဲကျတာ။ ခုနောက်ပိုင်း ဟိုပေးဒီပေးနဲ့ ၁ သိန်းကျော်ကျတယ်" လို့ မြစ်ကြီးနား-ချီဖွေ မောင်းနှင်နေသူ ယာဉ်မောင်းတဦးက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေအပြင် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေကလည်း စစ်ဆေးရေးဂိတ်များဖွင့်လှစ်ပြီး မော်တော်ယာဉ်တွေဆီက တရားမဝင်ငွေကြေး ကောက်ခံနေတာပါ။
"အခုက အရင်ရှိတဲ့ စစ်ဆေးရေးဂိတ်တွေအပြင် ပြည်သူ့စစ်အဖွဲ့တွေကလည်း ကားလမ်းတလျှောက် ဂိတ်တွေဖွင့်ပြီးတောင်းနေတာပဲ။ မော်တော်ယာဉ် အကြီးအသေးပေါ်မူတည်တယ်။ ခရီးသည်တင် မော်တော်ယာဉ်နဲ့ ကုန်တင်ကားကြီးတွေဆို ပေးရတယ်။ အိမ်စီးကားတွေကတော့ ပေးရ မရ တိတိကျကျ မသိဘူး။ စစ်ဆေးရေးဂိတ်တွေက အရင်ထက် ၃ ဆလောက်များလာတယ်” လို့ ဝိုင်းမော်-ကန်ပိုင်တည် လမ်း မောင်းနှင်နေသူ ယာဉ်မောင်းတဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ကနေ ကန်ပိုင်တည်သွားရာ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖွင့်လှစ်ထားတာဖြစ်ပြီး အချို့ဂိတ်ကြီးတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ဆေး ငွေကြေးကောက်ခံတာတွေ ပြုလုပ်နေတာပါ။
စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော်-ကန်ပိုင်တည် လမ်းတလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာက စတင်ကာ ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ ဝါးရှောင်ဂိတ် ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်များ ဖွင့်လှစ်ထားပြီး အခြားကျေးရွာအဝင် အထွက်နေရာတွေမှာလည်း ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ငယ်လေးများဖွင့်လှစ်ကာ မော်တော်ယာဉ်မောင်းနှင်သူတွေထံက ငွေကြေးကောက်ခံနေတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ခမ်း၊ လားရှိုး၊ တန့်ယန်းနဲ့ ပြည်ထောင်စု လမ်းမပေါ်တွေမှာ လတ်တလော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တံဆိပ်တုံး အတုနဲ့ လိမ်လည်ခြိမ်းခြောက်ပြီး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကြုံခဲ့ရသူ ကွတ်ခိုင်ဒေသခံတဦးက "ခင်ဗျား ထည့်မလား မထည့်ဘူးလားလို့ ပြောတယ်။ ရုံးမှာ လာထည့်လို့ရှိရင် ၁၀ သိန်း ထည့်ရမယ်။ Kpay နဲ့ ထည့်ရင် ၂ သိန်းနဲ့ ရမယ်လို့ ပြောတယ်။ ဒီဘက်မှာ အဲဒီလို လုပ်စားနေကြတယ်။ အားလုံး သတိထားရမယ်" လို့ ပြောပါတယ်။
ကွတ်ခိုင်မှာလည်း ခြိမ်းခြောက်ငွေကောက်ခံတာတွေ များလာပြီး လူမပြဘဲ ဖုန်းနဲ့ ပြောဆို ခြိမ်းခြောက်တဲ့အပြင် Kpay နဲ့ ငွေလွှဲခိုင်းကာ တချို့ ဟိုတယ်တွေဆိုရင် တခါတည်း ၅ သိန်း ထည့်ရမယ်ဆိုပြီး လုပ်ငန်းကြီးရင် ကြီးသလို လိုက်ဝောာင်းနေတယ်လို့ ဆိုပါတယ်။
KIA အဖွဲ့ကပါဆိုပြီး နေရာတကာ အခွန်ဆက်ကြေး အများကြီး ကောက်ခံနေတဲ့အပြင် KIA အဖွဲ့ကဖြစ်ကြောင်း လိမ်လည်ဓားပြတိုက်စားနေတဲ့ အဖွဲ့တွေ များလာတယ်လို့လည်း ဖုန်းဆက်ခြိမ်းခြောက်ခံရသူ ဒေသခံနောက်တဦးက ပြောပါတယ်။
"KIA ဘယ်တပ်ရင်းကလဲလို့ မေးလည်း ဘာမှသိဘူး။ ရှမ်းအသံနဲ့၊ ကချင်တောင် မဟုတ်ဘူး။ နောက်မှ ကချင် မဟုတ်ဘူး ပြောလို့ ကချင် တယောက်နဲ့ ပြန်ပြောခိုင်းတယ်။"
လားရှိုးမှာလည်း KIA နာမည်ခံပြီး အခွန်ဆက်ကြေး ကောက်စားနေတဲ့သူတွေ ပေါ်လာပြီလို့ လားရှိုးဒေသခံတဦးက ထပ်ပြောပါတယ်။
“ခု KIA နာမည် ရောင်းစားပြီး လမ်းပေါ်တွေမှာလည်း KIA ပါ ဆိုပြီး ဓားပြ တိုက်စားနေကြတယ်။ ကားတွေကို ပိုက်ဆံလိုက်ကောက်စားနေတာလည်း တော်တော် များနေတယ်။ အရမ်း သတိထားရမယ်။”
မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ခမ်း၊ လားရှိုး တွေမှာ KIA နာမည်နဲ့ တံဆိပ်တုံးအတု လုပ်ပြီး Myanmar Independent Study, KIA ဆိုတဲ့ တံဆိပ်ပါတဲ့ ဖြတ်ပိုင်းနဲ့ အခွန်ဆောင်ရန် ငွေ လိုက်လံ လိမ်လည်ကောက်ခံနေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂ ရက်ကလည်း ကန်မိန်း၊ လွယ်ဒေါင်ဝ်နယ်မြေ တန့်ယန်းက ဈေးဆိုင်၊ စားသောက်ဆိုင်ကြီးတွေမှာ KIA အဖွဲ့ ကပါ ဆိုပြီး ဖုန်းနဲ့ အခွန်ဆောင်ဖို့ ငွေတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို KIA က သတ်မှတ်ထားတဲ့ အခွန်ဖြတ်ပိုင်း မဟုတ်ဘဲနဲ့ KIA နာမည်ခံပြီး နာမည်ဖျက်နေသူ တယောက်ယောက် ဒါမှမဟုတ် အဖွဲ့တွေကို ပြည်သူတွေအနေနဲ့လည်း ခွဲခြားသိမြင်ပြီး ပါဝင် ဆန့်ကျင်ဖို့ လိုတယ်လို့ KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
တန့်ယန်းဒေသမှာတော့ KIA တပ်ဖွဲ့အနေနဲ့ တပ်စခန်းချထားတာ မရှိပေမဲ့ ငွေမပေးဆောင်ရင် အသက်အန္တရာယ် ပြုလာမှာကို စိုးရိမ်ကြောင်း အဲဒီဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်ဘက်မှာလည်း အဲဒီ လိုဂိုတံဆိပ်အတုနဲ့ ငွေတွေ ခြိမ်းခြောက် ကောက်ခံနေတယ်လို့ ဒေသခံက ပြောပါတယ်။
"ဗမာစကားပြောတယ် အဲဒီအဖွဲ့တွေ။ ပိုက်ဆံ ပါသွားတဲ့သူတွေ လည်းရှိတယ်။ နောင်းခူးဘက် ကောက်စားနေတယ်။"
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA အမည်ခံပြီး လူတစုက အခွန်ကောက်နေတာ K.I.A ဘက်က လုံးဝ မဟုတ်ကြောင်း၊ သတိထားကြပါဖို့နဲ့ အဲဒီလိုဂို တံဆိပ်တုံးအတုနဲ့ ပိုက်ဆံ လာကောက်ရင် သက်ဆိုင်ရာ နီးစပ်ရာ KIA တပ်စခန်း၊ တိုက်နယ်ရုံးတွေကို အကြောင်းကြားဖို့၊ အဲဒီအဖွဲ့ကို ဖမ်းဆီးဖို့ ရှာဖွေနေဆဲဖြစ်ကြောင်း KIA က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။