close

ရှမ်းပြည်နယ်မြောက်ပိုင်း၌ KIA တံဆိပ်တုံးအတုဖြင့် လိမ်လည်ခြိမ်းခြောက် ငွေကောက်ခံနေ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ခမ်း၊ လားရှိုး၊ တန့်ယန်းနဲ့ ပြည်ထောင်စု လမ်းမပေါ်တွေမှာ လတ်တလော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တံဆိပ်တုံး အတုနဲ့ လိမ်လည်ခြိမ်းခြောက်ပြီး ငွေကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ကြုံခဲ့ရသူ ကွတ်ခိုင်ဒေသခံတဦးက "ခင်ဗျား ထည့်မလား မထည့်ဘူးလားလို့ ပြောတယ်။ ရုံးမှာ လာထည့်လို့ရှိရင် ၁၀ သိန်း ထည့်ရမယ်။ Kpay နဲ့ ထည့်ရင် ၂ သိန်းနဲ့ ရမယ်လို့ ပြောတယ်။ ဒီဘက်မှာ အဲဒီလို လုပ်စားနေကြတယ်။ အားလုံး သတိထားရမယ်" လို့ ပြောပါတယ်။

ကွတ်ခိုင်မှာလည်း ခြိမ်းခြောက်ငွေကောက်ခံတာတွေ များလာပြီး လူမပြဘဲ ဖုန်းနဲ့ ပြောဆို ခြိမ်းခြောက်တဲ့အပြင် Kpay နဲ့ ငွေလွှဲခိုင်းကာ တချို့ ဟိုတယ်တွေဆိုရင် တခါတည်း ၅ သိန်း ထည့်ရမယ်ဆိုပြီး လုပ်ငန်းကြီးရင် ကြီးသလို လိုက်ဝောာင်းနေတယ်လို့ ဆိုပါတယ်။  

KIA အဖွဲ့ကပါဆိုပြီး နေရာတကာ အခွန်ဆက်ကြေး အများကြီး ကောက်ခံနေတဲ့အပြင် KIA အဖွဲ့ကဖြစ်ကြောင်း လိမ်လည်ဓားပြတိုက်စားနေတဲ့ အဖွဲ့တွေ  များလာတယ်လို့လည်း ဖုန်းဆက်ခြိမ်းခြောက်ခံရသူ ဒေသခံနောက်တဦးက ပြောပါတယ်။ 

"KIA ဘယ်တပ်ရင်းကလဲလို့ မေးလည်း ဘာမှသိဘူး။ ရှမ်းအသံနဲ့၊ ကချင်တောင် မဟုတ်ဘူး။  နောက်မှ ကချင် မဟုတ်ဘူး ပြောလို့ ကချင် တယောက်နဲ့ ပြန်ပြောခိုင်းတယ်။" 

လားရှိုးမှာလည်း KIA နာမည်ခံပြီး အခွန်ဆက်ကြေး ကောက်စားနေတဲ့သူတွေ ပေါ်လာပြီလို့ လားရှိုးဒေသခံတဦးက ထပ်ပြောပါတယ်။ 

“ခု KIA နာမည် ရောင်းစားပြီး လမ်းပေါ်တွေမှာလည်း KIA ပါ ဆိုပြီး ဓားပြ တိုက်စားနေကြတယ်။ ကားတွေကို ပိုက်ဆံလိုက်ကောက်စားနေတာလည်း တော်တော် များနေတယ်။ အရမ်း သတိထားရမယ်။” 

မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ပန်ခမ်း၊ လားရှိုး တွေမှာ KIA နာမည်နဲ့ တံဆိပ်တုံးအတု လုပ်ပြီး Myanmar Independent Study, KIA ဆိုတဲ့ တံဆိပ်ပါတဲ့ ဖြတ်ပိုင်းနဲ့ အခွန်ဆောင်ရန် ငွေ လိုက်လံ လိမ်လည်ကောက်ခံနေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်ကလည်း ကန်မိန်း၊ လွယ်ဒေါင်ဝ်နယ်မြေ တန့်ယန်းက ဈေးဆိုင်၊ စားသောက်ဆိုင်ကြီးတွေမှာ KIA အဖွဲ့ ကပါ ဆိုပြီး ဖုန်းနဲ့ အခွန်ဆောင်ဖို့ ငွေတောင်းခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီလို KIA က သတ်မှတ်ထားတဲ့ အခွန်ဖြတ်ပိုင်း မဟုတ်ဘဲနဲ့ KIA နာမည်ခံပြီး နာမည်ဖျက်နေသူ တယောက်ယောက် ဒါမှမဟုတ် အဖွဲ့တွေကို ပြည်သူတွေအနေနဲ့လည်း ခွဲခြားသိမြင်ပြီး ပါဝင် ဆန့်ကျင်ဖို့ လိုတယ်လို့ KIA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။  

တန့်ယန်းဒေသမှာတော့ KIA တပ်ဖွဲ့အနေနဲ့ တပ်စခန်းချထားတာ မရှိပေမဲ့ ငွေမပေးဆောင်ရင် အသက်အန္တရာယ် ပြုလာမှာကို စိုးရိမ်ကြောင်း အဲဒီဒေသခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် ကချင်ပြည်နယ် ဗန်းမော်ဘက်မှာလည်း အဲဒီ လိုဂိုတံဆိပ်အတုနဲ့ ငွေတွေ ခြိမ်းခြောက် ကောက်ခံနေတယ်လို့  ‌ဒေသခံက ပြောပါတယ်။ 

"ဗမာစကားပြောတယ် အဲဒီအဖွဲ့တွေ။ ပိုက်ဆံ ပါသွားတဲ့သူတွေ လည်းရှိတယ်။ နောင်းခူးဘက် ကောက်စားနေတယ်။"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA အမည်ခံပြီး လူတစုက အခွန်ကောက်နေတာ K.I.A ဘက်က လုံးဝ မဟုတ်ကြောင်း၊ သတိထားကြပါဖို့နဲ့ အဲဒီလိုဂို တံဆိပ်တုံးအတုနဲ့ ပိုက်ဆံ လာကောက်ရင် သက်ဆိုင်ရာ နီးစပ်ရာ KIA တပ်စခန်း၊ တိုက်နယ်ရုံးတွေကို အကြောင်းကြားဖို့၊ အဲဒီအဖွဲ့ကို ဖမ်းဆီးဖို့ ရှာဖွေနေဆဲဖြစ်ကြောင်း KIA က လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up