တနင်္သာရီတိုင်း၊ ကော့သောင်းမြို့မှာ လာမယ့်သင်္ကြန်အတွက် စစ်ကောင်စီက ဒေသခံ ကမ်းနီးရေလုပ်ငန်းရှင်များအသင်းကနေ ငွေကြေးအလှူကောက်ခံနေတယ်လို့ ရေလုပ်ငန်းရှင်အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သင်္ကြန်အတွက် ကုမ္ပဏီ ၁ ခုကို အနည်းဆုံး ကျပ် ၂ သိန်း ကနေ ၃ သိန်းအထိ စစ်ကောင်စီကို အလှူငွေထည့်ပေးနေရတယ်လို့ ဆိုပါတယ်။
"စစ်ကောင်စီရဲ့ သင်္ကြန်ကော်မတီအဖွဲ့ကနေ ကုမ္ပဏီတခုကို ဘယ်လောက်ထည့်ရမယ်ဆိုပြီး အလှူငွေကောက်တယ်။ ကုမ္ပဏီအကြီးအငယ်ပေါ်မှာမူတည်ပြီး အလှူငွေကောက်တာပါ" လို့ ကမ်းနီးရေလုပ်ငန်းမှာ လုပ်ကိုင်သူတဦးက ပြောပါတယ်။
ဒါအပြင် ကော့သောင်းမြို့ပေါ် ရပ်ကွက်တွေမှာလည်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ မဖြစ်မနေ ဆောက်ဖို့ အမိန့်ပေးထားတယ်လို့ ကော့သောင်းဒေသခံတဦးက ပြောပါတယ်။
"အရင်နှစ်ကတော့ မြို့ပေါ်မှာ စစ်တပ်ရှေ့တွေမှာလုပ်တဲ့ မဏ္ဍပ်တွေရော၊ ရပ်ကွက်တချို့က မဏ္ဍပ်တွေရောရှိတယ်။ သွားပြီးပျော်ပါးကြသူတွေလည်းရှိကြတယ်။ ဒီနှစ်တော့ ဘယ်လိုဖြစ်မယ်ဆိုတာတော့ မသိသေးဘူး။"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ်သင်္ကြန်တုန်းက ကော့သောင်းမြို့ပေါ်က ရပ်ကွက်မဏ္ဍပ်တချို့မှာ လာရောက်ရေကစားကြသူတွေရှိခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း ထားဝယ်မြို့မှာတော့ စစ်ကောင်စီက လာမယ့် သင်္ကြန်အတွက် မြို့တော်ခန်းမအရှေ့မှာ ဗဟိုသင်္ကြန်မဏ္ဍပ်ကို စတင်ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမတွေရဲ့ လခအဖြစ် ကျောင်းသားမိဘတွေထံကနေ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေကို ဇွန် ၂၁ ရက်နေ့က ရွှေစေတီရပ်တော်မူ ဘုရားဝင်းထဲမှာ အစည်းအဝေးခေါ်ယူပြီး ကျောင်းခပေးဖို့ ပြောဆိုခဲ့တာပါ။
ကျောင်းသားမိဘတယောက်က “ကံပေါက် အထက်တန်းကျောင်းမှာ CDM ပြုလုပ်ထားကြတဲ့ ဆရာ၊ ဆရာမတွေ များလို့ ကျောင်းသားတွေကို စာသင်ကြားပေးဖို့ လုံလုံလောက်လောက် မရှိတာကြောင့် အပြင်က ဆရာတွေ ငှားရမယ်လို့ ပြောတယ်။ ဒီအတွက် ငွေကြေးအဆင်မပြေလို့ ကျောင်းသား တယောက်ကို တလ ကျပ် ၃၀၀၀ ပေးရမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။
ကလိန်အောင်မြို့က ဇင်းဘာကျောင်းမှာတော့ တလ ကျေပ် ၂၀၀၀ စီ တောင်းကြတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
တခြားကျောင်းတွေကတော့ အစည်းအဝေးမခေါ်သေးတာကြောင့် ဘယ်လိုအခြေအနေရှိလဲ မသိရသေးပါဘူး။
လက်ရှိမှာ ကံပေါက်စာသင်ကျောင်းမှာ ဆရာ၊ ဆရာမ အင်အားနည်းနည်းပဲရှိတာကြောင့် ၃ တန်းကျောင်းသားတွေကို ၅ တန်း အခန်းမှာ ရောထည့်သင်ကြားပေးနေတယ်လို့လည်း ကျောင်းသားမိဘတယောက်က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေဖြူမြို့နယ်မှာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်သူ ဆရာ၊ ဆရာမ အများအပြားရှိပြီး ကံပေါက်တိုက်နယ်လည်း CDM အားကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။