close

ရေဖြူမြို့နယ်ရှိ စာသင်ကျောင်းများတွင် ကျောင်းသားမိဘများထံမှ ငွေကောက်ခံနေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်က စာသင်ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမတွေရဲ့  လခအဖြစ် ကျောင်းသားမိဘတွေထံကနေ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေကို ဇွန် ၂၁ ရက်နေ့က ရွှေစေတီရပ်တော်မူ ဘုရားဝင်းထဲမှာ အစည်းအဝေးခေါ်ယူပြီး ကျောင်းခပေးဖို့ ပြောဆိုခဲ့တာပါ။

ကျောင်းသားမိဘတယောက်က “ကံပေါက် အထက်တန်းကျောင်းမှာ CDM ပြုလုပ်ထားကြတဲ့ ဆရာ၊ ဆရာမတွေ များလို့ ကျောင်းသားတွေကို စာသင်ကြားပေးဖို့ လုံလုံလောက်လောက် မရှိတာကြောင့် အပြင်က ဆရာတွေ ငှားရမယ်လို့ ပြောတယ်။ ဒီအတွက် ငွေကြေးအဆင်မပြေလို့ ကျောင်းသား တယောက်ကို တလ ကျပ် ၃၀၀၀ ပေးရမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

ကလိန်အောင်မြို့က ဇင်းဘာကျောင်းမှာတော့ တလ ကျေပ် ၂၀၀၀ စီ တောင်းကြတယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။

တခြားကျောင်းတွေကတော့ အစည်းအဝေးမခေါ်သေးတာကြောင့် ဘယ်လိုအခြေအနေရှိလဲ မသိရသေးပါဘူး။

လက်ရှိမှာ ကံပေါက်စာသင်ကျောင်းမှာ ဆရာ၊ ဆရာမ အင်အားနည်းနည်းပဲရှိတာကြောင့် ၃ တန်းကျောင်းသားတွေကို ၅ တန်း အခန်းမှာ ရောထည့်သင်ကြားပေးနေတယ်လို့လည်း ကျောင်းသားမိဘတယောက်က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေဖြူမြို့နယ်မှာ အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လုပ်သူ ဆရာ၊ ဆရာမ အများအပြားရှိပြီး ကံပေါက်တိုက်နယ်လည်း CDM အားကောင်းတဲ့ ဒေသတခု ဖြစ်ပါတယ်။

//
Up