ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ကန်ပိုက်တည်မြို့ သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားပြီး ငွေကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝိုင်းမော်-ကန်ပိုက်တည်လမ်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး မော်တော်ယာဉ်တွေဆီက ငွေကြေး ကောက်ခံနေတာလို့ ကိုယ်ပိုင်ယာဉ်နဲ့ ကုန်စည်ပို့ဆောင် ယာဉ်မောင်းတွေက ပြောပါတယ်။
“စစ်ကောင်စီ အာဏာမသိမ်းခင်က ဝါးရှောင်စုပေါင်းဂိတ်နဲ့ ဆဒုံး စုပေါင်းဂိတ် နှစ်ခုပဲ ရှိတာ။ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစပြီး ပြည်သူ့စစ်ဂိတ်တွေ ထပ်တိုးလာတယ်။ ကားကြီးတွေ တစီးကို ၅၀၀၀ လောက်ပေးရတဲ့ဂိတ်ရှိတယ်။ လက်ဖက်ရည်ဖိုး ပေးဆိုပြီး တောင်းတဲ့ဂိတ်တွေရှိတယ်။ မတောင်းတဲ့ ဂိတ်ကတော့ မရှိဘူး" လို့ ဝိုင်းမော်-ကန်ပိုက်တည်လမ်းပိုင်း ကုန်စည်ပို့ဆောင်တဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ခရီးသည်တင်ယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်ငယ်လေးတွေကိုလည်း စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံတာတွေ ရှိနေပါတယ်။
“ကျနော်တို့ အရှေ့ကသွားတဲ့ ခရီးသည်တင်ကားကို စစ်ဆေးပြီး ကားဆရာဆီက ပိုက်ဆံတောင်းသွားတာ တွေ့တယ်။ ကျနော့်ကားဆီလာတော့ မှန်ချခိုင်းပြီး ဘယ်သွားမလဲ ဘာလုပ်မလဲ စစ်ဆေးတယ်။ ရပြီ သွားတော့ လက်ဖက်ရည်ဖိုး ပေးခဲ့ဦးမလား မေးတယ်။ ကျနော်ကတော့ စစ်ဆေးပြီး သွားတော့ဆိုကတည်းက လက်ဖက်ရည်ဖိုးမပေးဘူး မောင်းထွက်ခဲ့တာပဲ” လို့ မြစ်ကြီးနားမြို့ကနေ ဆဒုံး ကျေးရာကို ကိုယ်ပိုင်ကားနဲ့ သွားခဲ့သူ အမျိုးသားတဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ကနေ ကန်ပိုက်တည်သွားရာ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖေင့်လှစ်ထားတာဖြစ်ပြီး အချို့ ဂိတ်ကြီးတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ဆေးတာတွေ ပြုလုပ်နေတာပါ။
စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလက စတင်ကာ ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ ဝါးရှောင်ဂိတ် ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်တွေ ဖွင့်လှစ်ထားပြီး အခြားကျေးရွာအဝင် အထွက်နေရာတွေမှာလည်း ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ငယ်လေးတွေ ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီက ငွေကြေးကောက်ခံပြီး မြို့နယ်အလိုက် သင်္ကြန်ပွဲတော် ကျင်းပဖို့ ကြိုးစားနေတဲ့အပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မွန်လူငယ်တွေက ဝေဖန်လိုက်ပါတယ်။
သင်္ကြန်ပွဲကျင်းပဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေရရှိဖို့ မြို့နယ်ရပ်ကွက်အလိုက် ငွေကြေးကောက်ခံတာရှိနေတာကြောင့် စားဝတ်နေရေး ကျပ်တည်းတဲ့ အခြေခံလူတန်းစားတွေ အနေနဲ့ အခက်အခဲ ပိုမိုဖြစ်ပေါ်နေရတယ်လို့ ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
"ရပ်ကွက်တွေကို သင်္ကြန်ပွဲ ကျင်းပဖို့ဆိုပြီး ငွေကြေး လိုက်ကောက်ခံတာတွေရှိတယ်။ အဲလိုကောက်ခံမှုတွေက စားဝတ်နေရေး ခက်နေတဲ့ တနေ့လုပ်တနေ့စားအခြေခံ လူတန်းစားအတွက်တော့ တော်တော်လေးကို အခက်အခဲ ဖြစ်စေတယ်။"
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတွေ အာရုံလွဲစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်တယ်လို့မော်လမြိုင်ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။
"အခုအခြေအနေက စစ်တပ်က အာဏာသိမ်းယူခံတာ တစ်နှစ်ကျော်ကို ရောက်ရှိနေပြီ။ စစ်ကောင်စီက ပြည်သူတွေကို အာရုံလွဲစေဖို့ ရည်ရွယ်တဲ့သဘောနဲ့ အခုလို လုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။"
မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်အတွင်းမှာ မြို့နယ်အလိုက် ယိမ်းအဖွဲ့တွေ သက်ကြီးပူဇော်ပွဲ၊ ဇီဝတဒါန ငါးလွှတ်ပွဲ အပါအဝင် စတုဒီသာ ကျေးမွေးအအစီအစဥ်တွေကို ထည့်သွင်းကျင်းပဖို့ သက်ဆိုင်ရာဌာနအသီးသီးကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။
မော်လမြိုင်မြို့ ကမ်းနားလမ်း မြို့မတံတားမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကစပြီး ဗဟိုမဏ္ဍပ် တည်ဆောက်နေရာမှာ ရာနှုန်းပြည့်ပြီးစီးလုနီးပါး ဖြစ်နေပြီး လုံခြုံရေးအရ စီစီတီဗီတွေ တပ်ဆင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။