close

မွန်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကျင်းပရန် စစ်ကောင်စီက ငွေကြေးကောက်ခံနေ

ပြီးခဲ့သည့် ဧပြီလ ၃ရက်မှစပြီး မော်လမြိုင် မြို့၊ကမ်းနားလမ်း မြို့မတံတား၌ ဗဟိုမဏ္ဍပ် ဆောက်လုပ်နေစဥ်

မွန်ပြည်နယ်မှာ  စစ်ကောင်စီက ငွေကြေးကောက်ခံပြီး  မြို့နယ်အလိုက်  သင်္ကြန်ပွဲတော် ကျင်းပဖို့ ကြိုးစားနေတဲ့အပေါ် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ မွန်လူငယ်တွေက ဝေဖန်လိုက်ပါတယ်။

သင်္ကြန်ပွဲကျင်းပဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေရရှိဖို့ မြို့နယ်ရပ်ကွက်အလိုက် ငွေကြေးကောက်ခံတာရှိနေတာကြောင့် စားဝတ်နေရေး ကျပ်တည်းတဲ့ အခြေခံလူတန်းစားတွေ အနေနဲ့ အခက်အခဲ ပိုမိုဖြစ်ပေါ်နေရတယ်လို့ ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

"ရပ်ကွက်တွေကို သင်္ကြန်ပွဲ ကျင်းပဖို့ဆိုပြီး ငွေကြေး လိုက်ကောက်ခံတာတွေရှိတယ်။ အဲလိုကောက်ခံမှုတွေက စားဝတ်နေရေး ခက်နေတဲ့ တနေ့လုပ်တနေ့စားအခြေခံ လူတန်းစားအတွက်တော့ တော်တော်လေးကို အခက်အခဲ ဖြစ်စေတယ်။"

စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့အပေါ် ပြည်သူတွေ အာရုံလွဲစေရန် ရည်ရွယ်ချက်နဲ့ ပြုလုပ်နေတာ ဖြစ်တယ်လို့မော်လမြိုင်ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

"အခုအခြေအနေက စစ်တပ်က အာဏာသိမ်းယူခံတာ တစ်နှစ်ကျော်ကို ရောက်ရှိနေပြီ။ စစ်ကောင်စီက ပြည်သူတွေကို အာရုံလွဲစေဖို့ ရည်ရွယ်တဲ့သဘောနဲ့ အခုလို လုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။"

မွန်ပြည်နယ်မှာ သင်္ကြန်ပွဲတော်အတွင်းမှာ မြို့နယ်အလိုက် ယိမ်းအဖွဲ့တွေ သက်ကြီးပူဇော်ပွဲ၊ ဇီဝတဒါန ငါးလွှတ်ပွဲ အပါအဝင် စတုဒီသာ ကျေးမွေးအအစီအစဥ်တွေကို ထည့်သွင်းကျင်းပဖို့ သက်ဆိုင်ရာဌာနအသီးသီးကို စစ်ကောင်စီက ညွှန်ကြားထားပါတယ်။

မော်လမြိုင်မြို့ ကမ်းနားလမ်း မြို့မတံတားမှာ ပြီးခဲ့တဲ့ ဧပြီ ၃ ရက်ကစပြီး ဗဟိုမဏ္ဍပ် တည်ဆောက်နေရာမှာ ရာနှုန်းပြည့်ပြီးစီးလုနီးပါး ဖြ​စ်နေပြီး လုံခြုံရေးအရ စီစီတီဗီတွေ တပ်ဆင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up