close

ငွေလိမ်လည်မှု

close

September 15, 2022

ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦးက ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ထံမှ ငွေလိမ်ထွက်ပြေး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပရဒဲန်းမြို့နယ်ထဲမှာ မြန်မာအမျိုးသမီး တယောက်နဲ့ သူ့ရဲ့ခင်ပွန်းတို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ပတ်စ်ပို့ဗီဇာသက်တမ်းတိုးခနဲ့ နေထိုင်ခွင့် အထောက်အထားမှတ်ပုံတင်ခတွေ  လိမ်ယူထွက်ပြေးသွားတဲ့အတွက် အလုပ်သမားတွေက စက်တင်ဘာ ၁၂ ရက်က ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် ဇွန်လက  မစန်းဝင်း ဆိုသူအမျိုးသမီးနဲ့ သူ့ခင်ပွန်းဟာ ထိုင်းအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိပြီး တရားမဝင်အလုပ်သမားတွေ အထောက်အထားရဖို့ မှတ်ပုံတင်ပေးတာ၊ အလုပ်သမားကတ်နဲ့ ဗီဇာသက်တမ်းတိုးပေးတာတွေ လုပ်ပေးလို့ရတယ်လို့ အလုပ်သမားတွေကို ပြောဆို စည်းရုံးခဲ့တာလို့ ဆိုပါတယ်။ 

မစန်းဝင်းကို သူတို့အလုပ်လုပ်တဲ့ ဆမ်လုန်းတိုက်ရပ်ကွက် ပရိဒါလမ်းမှ တလမ်းတည်းနေသူ က မိတ်ဆက်ပေးတာကြောင့် ယုံကြည်ပြီး အလုပ်သမား ၃၃ ယောက်က နေထိုင်ခွင့်ကတ်ရဖို့  ၁ ယောက်ကို ဘတ် ၁၀၀၀၀ အပြင် ဗီဇာသက်တမ်းတိုးခတွေလည်း ပေးလိုက်ကြောင်း ၊ တချို့က ငွေသားသက်သက် တချို့က ဘဏ်ကနေငွေလွှဲပေးခဲ့ကြောင်း ၊ လအတန်ကြာပေမဲ့ ကတ်နဲ့ ပတ်သက်တဲ့ ထူးခြားမှုဘာမှမရှိလို့မေးတဲ့အခါမှာလည်း လုပ်နေတုန်း ၊ မပြီးသေးဘူးလို့ ဝေ့လည်ကြောင်ပတ်ဖြေကြားပြီး နောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရတော့ဘူးလို့ အလုပ်သမား တစ်ဦးဖြစ်တဲ့ မမေသူက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါကြောင့် အလုပ်သမားကိုယ်စားလှယ် ၁၃ ယောက်က စက်တင်ဘာ ၁၂ ရက်နေ့မှာ ဆမ်လုန်းတိုက်နယ်မြေရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပါတယ်။ အမှုလျင်မြန်ချောမွေ့ ရေး အတွက် ထိုင်းရှေ့နေ  ဗိုလ်မှူးကြီး ကရစ်ဆဒါး သရီးဆန်ဖွတ်ထချတ်ပါ သွားရောက်ကူညီ တိုင်ကြား‌ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းရှေ့နေ ကရစ်ဆဒါးက ဒီအမှုဟာ အများပြည်သူလိမ်လည်မှုဖြစ်တယ်၊ အလုပ်သမားတွေဟာ ငွေလည်းကုန်ပြီး မှတ်ပုံတင်လည်းမရကြဘူး ၊ သူတို့ဟာ တခြားသူတွေကို ဆက်ပြီးလိမ် လည်နေ ဦးမှာစိုးလို့   ဒီအမှုကိုအမြန်ဆုံးအရေးယူပေးဖို့  ရဲစခန်းမှာပြောခဲ့တယ်လို့ သိရပါတယ်။ 

Ref- Nation TV

13 mins Ago

February 27, 2020

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကျေးရွာချေးငွေစိစစ်ရေးအတွင်းရေးမှူးကို ငွေလိမ်လည်မှုဖြင့် အမှုဖွင့်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အတွင်းရေးမှူးတဦးကို ကျပ်သိန်း ၂၁၀ ကျော် ငွေအလွဲသုံးစားပြု လိမ်လည်မှုနဲ့ ဖေဖော်ဝါရီ ၂၅ ရက်က အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ညောင်ဦးဖီးကျေးရွာအုပ်စု ချေးငွေစိစစ်ရေး အတွင်းရေးမှူး ဦးအေးကြူဟာ ၂၀၁၈ ခုနှစ် မိုးစပါးအတွက် ချေးငွေထုတ်ချေးရာ ညောင်ဦးဖီးရွာ တောင်သူ ဦးမြင့်ဦးအပါအဝင် ၁၁ ဦးတို့ရဲ့ လက်မှတ်အတုများရေးထိုးပြီး ငွေကျပ်သိန်း ၁၃၀ ကျော်ကို တောင်သူတွေကို မပေးဘဲ ထုတ်ယူသုံးစွဲခဲ့တာပါ။ ဒါ့အပြင် ဦးအေးကြူဟာ ၂၀၁၈ ခုနှစ်မှာပဲ ညောင်ဦးဖီးရွာနေ တောင်သူ ဦးပေါတာ အပါအဝင် ၁၂ ဦးရဲ့ မိုးစပါးထုတ်ချေးငွေ ပြန်လည်ပေးဆပ်ထားတဲ့ ငွေကျပ်သိန်း ၈၀ ကျော်ကိုလည်း ဘဏ်သို့ မပေးသွင်းဘဲ သုံးစွဲခဲ့တာဖြစ်ပြီး စုစုပေါင်းငွေကျပ် သိန်း ၂၁၀ ကျော်  သုံးစွဲလိုက်တာကြောင့် ဝမ်းတွင်းမြို့မရဲစခန်းမှာ မြို့နယ်မန်နေဂျာက တရားလိုပြုလုပ် အမှုဖွင့်တာ ဖြစ်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်ဌေးဝင်းက "အမှုဖွင့်ထားပါတယ်။ ပုဒ်မကတော့ မသိသေးပါဘူး။ လက်မှတ်အတုထိုးထုတ်တာက သိန်း ၁၀၀ ကျော် တောင်သူ ပေးသွင်းငွေ မဆပ်တာက သိန်း ၈၀ ကျော်ပါ" လို့ ပြောပါတယ်။ ညောင်ဦးဖီးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က "စိုက်ဘဏ်ငွေနဲ့ ပတ်သက်ပြီး အမှုဖွင့် လိုက်တာ ကြားပါတယ်။ ဘဏ်ပိုက်ဆံရော၊ တောင်သူပိုက်ဆံရော ၂ ခုလုံး ပြန်မဆပ်နိုင်တော့ဘဲ သုံးပစ်လိုက်တာက အမှုဖွင့်ခံရတာပါ" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးတင်ဝင်းက "ဟုတ်ပါတယ်။ မြန်မာ့လယ်ဖွံ့ဖြိုးရေး ဘဏ် မြို့နယ်မန်နေဂျာက တရားလိုလုပ်ပြီး အမှုလာဖွင့်ပါတယ်။ အမြန်ဆုံးဖမ်းဆီးပြီး တရားစွဲဆို သွားမှာပါ" လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းမှာ ဦးအေးကြူကို လိမ်လည်မှု/လက်ရေး လက်မှတ်အတုရေးထိုးမှု ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း
3 years Ago
Up