close

ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦးက ရွှေ့ပြောင်းအလုပ်သမား ၃၀ ကျော်ထံမှ ငွေလိမ်ထွက်ပြေး

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်ပရကန်ခရိုင်၊ ဖရပရဒဲန်းမြို့နယ်ထဲမှာ မြန်မာအမျိုးသမီး တယောက်နဲ့ သူ့ရဲ့ခင်ပွန်းတို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ ပတ်စ်ပို့ဗီဇာသက်တမ်းတိုးခနဲ့ နေထိုင်ခွင့် အထောက်အထားမှတ်ပုံတင်ခတွေ  လိမ်ယူထွက်ပြေးသွားတဲ့အတွက် အလုပ်သမားတွေက စက်တင်ဘာ ၁၂ ရက်က ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တယ်လို့ သနေးရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် ဇွန်လက  မစန်းဝင်း ဆိုသူအမျိုးသမီးနဲ့ သူ့ခင်ပွန်းဟာ ထိုင်းအာဏာပိုင်တွေနဲ့ အဆက်အသွယ်ရှိပြီး တရားမဝင်အလုပ်သမားတွေ အထောက်အထားရဖို့ မှတ်ပုံတင်ပေးတာ၊ အလုပ်သမားကတ်နဲ့ ဗီဇာသက်တမ်းတိုးပေးတာတွေ လုပ်ပေးလို့ရတယ်လို့ အလုပ်သမားတွေကို ပြောဆို စည်းရုံးခဲ့တာလို့ ဆိုပါတယ်။ 

မစန်းဝင်းကို သူတို့အလုပ်လုပ်တဲ့ ဆမ်လုန်းတိုက်ရပ်ကွက် ပရိဒါလမ်းမှ တလမ်းတည်းနေသူ က မိတ်ဆက်ပေးတာကြောင့် ယုံကြည်ပြီး အလုပ်သမား ၃၃ ယောက်က နေထိုင်ခွင့်ကတ်ရဖို့  ၁ ယောက်ကို ဘတ် ၁၀၀၀၀ အပြင် ဗီဇာသက်တမ်းတိုးခတွေလည်း ပေးလိုက်ကြောင်း ၊ တချို့က ငွေသားသက်သက် တချို့က ဘဏ်ကနေငွေလွှဲပေးခဲ့ကြောင်း ၊ လအတန်ကြာပေမဲ့ ကတ်နဲ့ ပတ်သက်တဲ့ ထူးခြားမှုဘာမှမရှိလို့မေးတဲ့အခါမှာလည်း လုပ်နေတုန်း ၊ မပြီးသေးဘူးလို့ ဝေ့လည်ကြောင်ပတ်ဖြေကြားပြီး နောက်ပိုင်းမှာ လုံးဝအဆက်အသွယ်မရတော့ဘူးလို့ အလုပ်သမား တစ်ဦးဖြစ်တဲ့ မမေသူက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒါကြောင့် အလုပ်သမားကိုယ်စားလှယ် ၁၃ ယောက်က စက်တင်ဘာ ၁၂ ရက်နေ့မှာ ဆမ်လုန်းတိုက်နယ်မြေရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပါတယ်။ အမှုလျင်မြန်ချောမွေ့ ရေး အတွက် ထိုင်းရှေ့နေ  ဗိုလ်မှူးကြီး ကရစ်ဆဒါး သရီးဆန်ဖွတ်ထချတ်ပါ သွားရောက်ကူညီ တိုင်ကြား‌ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ထိုင်းရှေ့နေ ကရစ်ဆဒါးက ဒီအမှုဟာ အများပြည်သူလိမ်လည်မှုဖြစ်တယ်၊ အလုပ်သမားတွေဟာ ငွေလည်းကုန်ပြီး မှတ်ပုံတင်လည်းမရကြဘူး ၊ သူတို့ဟာ တခြားသူတွေကို ဆက်ပြီးလိမ် လည်နေ ဦးမှာစိုးလို့   ဒီအမှုကိုအမြန်ဆုံးအရေးယူပေးဖို့  ရဲစခန်းမှာပြောခဲ့တယ်လို့ သိရပါတယ်။ 

Ref- Nation TV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up