အရှည် ၃၁ ပေ (၉ ဒသမ ၅ မီတာ) ရှိတဲ့ မိုင်ကီဝေလငါးတကောင်ဟာ ဧပြီ ၁၉ ရက်က စကော့တလန်နိုင်ငံ မြောက်ဘက် ဘာဝစ်ကမ်းခြေမှာ သောင်တင်သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ အရှေ့ လိုသီယံကောင်စီက ပြောပါတယ်။
ကောင်စီရဲ့ တွစ်တာစာမျက်နှာမှာ ဝေလငါး အသေကောင်းရဲ့ အကြွင်းအကျန်တွေကို သယ်ယူဖို့ ပြင်ဆင်နေကြောင်းနဲ့ လူတွေကို အဆိုပါနေရာကို မချဉ်းကပ်ဖို့၊ အနီးအနားမှာရှိတဲ့ ခွေးတွေကိုလည်း ဝေးဝေးမှာထားဖို့ တိုက်တွန်းထားပါတယ်။
ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးကတော့ ဝေလငါးဟာ နေ့လယ်ပိုင်းမှာ သေဆုံးခဲ့ပြီး ဒီရေနဲ့ ပင်လယ်ထဲမျောပါသွားခဲ့ပေမဲ့ နောက်နေ့မနက်ပိုင်းမှာ ပြန်လည်သောင်တင်လာခဲ့လို့ ဝေလငါးကြီးရဲ့ အနီးတဝိုက် ဧရိယာကို ရဲတွေက ပိတ်ဆို့ထားပါတယ်။
စကော့တလန် ပင်လယ်ငှက်စင်တာက ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့က ဗုဒ္ဓဟူးနေ့က တွစ်တာမှာ “ဒီလို သောင်တင်သေဆုံးနေတာကို စကော့တလန် အဏ္ဏဝါတိရစ္ဆာန် ကမ်းနားလမ်းအစီအစဉ် (smass) ကို တိုင်ကြားလာပြီး ဝေလငါးတွေရဲ့ ကျန်းမာရေးနဲ့ ဂေဟစနစ်အကြောင်းကို ပိုမိုလေ့လာနိုင်ဖို့ အလောင်းကို ခွဲစိတ်လေ့လာနိုင်တယ်” လို့ ဆိုပါတယ်။
မိုင်ကီတွေဟာ ဘာလန် ဝေလငါးမျိုးစိတ်ထဲမှာ အသေးငယ်ဆုံးဖြစ်ပြီး စကော့တလန်မှာ တွေ့ရများတယ်လို့ ထိန်းသိမ်းရေးအကြံပေးအဖွဲ့ နေချားစကော့က သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပြီး ဧပြီလနဲ့ အောက်တိုဘာလအတွင်းမှာ နိုင်ငံရဲ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်တွေမှာ တွေ့နိုင်ပါတယ်။
Source - Sky News
စကော့တလန်နိုင်ငံ အက်ဒင်ဘရာမြို့မှာ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၃ ရက်မှာ ဘာမှမရေးထားတဲ့ ဗလာဆိုင်းဘုတ်အလွတ်တွေကို အသုံးပြုပြီး ဗြိတိန်ဘုရင်စနစ်နဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ တခြားဆန္ဒပြသူတွေကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတယောက်က “ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ အမြင်တွေနဲ့ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့လူတွေ အဖမ်းခံရတာကြောင့် ဒီနေ့တော့ ဆိုင်းဘုတ်ကို ဗလာပဲ ကိုင်ထားကြောင်း၊ တကယ်လို့ ဒါကပဲ ဘုရင်စနစ်ကို ဆန့်ကျင်တယ်ဆိုတဲ့ မက်ဆေ့ချ် ဖြစ်သွားရင် ငါတို့လည်း အဖမ်းခံရနိုင်တာပေါ့” လို့ ပြောပါတယ်။
တခြားတယောက်ကလည်း “ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ပျက်စီးမှုဖြစ်မှာကို တကယ်ကို စိုးရိမ်မိကြောင်းနဲ့ ဆန္ဒပြပိုင်ခွင့် မရှိဘူးဆိုရင် ပူတင်ရဲ့ ရုရှားနိုင်ငံနဲ့ ဘယ်ကွာတော့မလဲ” လို့ ပြောပါတယ်။
စကော့တလန်ရဲတပ်ဖွဲ့က သူတို့ဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အက်ဒင်ဘရာမှာ ဖမ်းဆီးမှုသုံးခု ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။
အဲလိဇဘက်ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို မြို့ပတ်ပတ်လည်ကို ရွှေ့ပြောင်းနေချိန်မှာ အနှောင့်အယှက်ဖြစ်စေတဲ့ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခဲ့တာပါ။
ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ထားတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ တနင်္ဂနွေနေ့က သီးခြားဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက်တို့ဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ တရားစွဲခံထားရပါတယ်။