စကော့တလန်တွင် ဘုရင်စနစ်ဆန့်ကျင်သည့် ဆန္ဒပြသူများ ဖမ်းဆီးခံရမှုအပေါ် ကန့်ကွက်

စကော့တလန်နိုင်ငံ အက်ဒင်ဘရာမြို့မှာ ဆန္ဒပြသူတွေဟာ စက်တင်ဘာ ၁၃ ရက်မှာ ဘာမှမရေးထားတဲ့ ဗလာဆိုင်းဘုတ်အလွတ်တွေကို အသုံးပြုပြီး ဗြိတိန်ဘုရင်စနစ်နဲ့ ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ တခြားဆန္ဒပြသူတွေကို ဖမ်းဆီးထားမှုအပေါ် ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတယောက်က “ဘုရင်စနစ်ကို ဆန့်ကျင်တဲ့ အမြင်တွေနဲ့ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားတဲ့လူတွေ အဖမ်းခံရတာကြောင့် ဒီနေ့တော့ ဆိုင်းဘုတ်ကို ဗလာပဲ ကိုင်ထားကြောင်း၊ တကယ်လို့ ဒါကပဲ ဘုရင်စနစ်ကို ဆန့်ကျင်တယ်ဆိုတဲ့ မက်ဆေ့ချ် ဖြစ်သွားရင် ငါတို့လည်း အဖမ်းခံရနိုင်တာပေါ့” လို့ ပြောပါတယ်။
တခြားတယောက်ကလည်း “ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံကျတဲ့ ပျက်စီးမှုဖြစ်မှာကို တကယ်ကို စိုးရိမ်မိကြောင်းနဲ့ ဆန္ဒပြပိုင်ခွင့် မရှိဘူးဆိုရင် ပူတင်ရဲ့ ရုရှားနိုင်ငံနဲ့ ဘယ်ကွာတော့မလဲ” လို့ ပြောပါတယ်။
စကော့တလန်ရဲတပ်ဖွဲ့က သူတို့ဟာ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ အက်ဒင်ဘရာမှာ ဖမ်းဆီးမှုသုံးခု ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။
အဲလိဇဘက်ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို မြို့ပတ်ပတ်လည်ကို ရွှေ့ပြောင်းနေချိန်မှာ အနှောင့်အယှက်ဖြစ်စေတဲ့ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခဲ့တာပါ။
ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ထားတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ တနင်္ဂနွေနေ့က သီးခြားဖမ်းဆီးခံခဲ့ရတဲ့ အသက် ၇၄ နှစ်အရွယ် အဘိုးအိုတယောက်တို့ဟာ ငြိမ်းချမ်းရေးကို ချိုးဖောက်မှုနဲ့ တရားစွဲခံထားရပါတယ်။