စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စက်တောရွာကို ဒီဇင်ဘာ ၂၀ ရက် မနက်မှာ အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး လူနေအိမ် ၄၁ လုံးနဲ့ စပါးတိုက် (စပါးကျည်) ၃၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ စက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီနေ့မနက်အစောပိုင်း နန်းကင်ရွာထဲ သေနတ်ပစ်ဖောက် ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
“၂၉ ရက်နေ့ညက စက်တောရွာမှာအိပ်ပြီး ၂၀ ရက်နေ့ မနက်မှာ မီးရှို့သွားတာ၊ စစ်ကြောင်း ၂ ကြောင်းနဲ့လာတာ၊ နတ်မဟုတ်ကြီးဘက်ကိုတဖွဲ့၊ ဒီဘက်ကိုတဖွဲ့၊ ၂ ဖွဲ့ စစ်ကြောင်းထိုးလာတာ။ နတ်မဟုတ်ကြီးနဲ့ နန်းကင်ရွာက နီးနီးလေးဆိုတော့ နန်းကင်ရွာထဲကို ရှေ့ပွိုင့်အနေနဲ့ ဝင်တာပါ။ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ တပ်ရင်းနဲ့ ခလရ ၄၁၆ တပ်ရင်းတို့ဖြစ်တယ်။”
အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ပြည်သူအချင်းချင်း ဂရုစိုက်ပေးဖို့နဲ့ ကူညီစောင့်ရှောက်ပေးကြပါလို့ အင်းတော် PDF တပ်ဖွဲ့က အသိပေး ပြောဆိုထားပါတယ်။
အင်းတော်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းက ဒေသခံရွာသား ၄ ဦးကို အကြောင်းမဲ့ပစ်သတ်ကာ ပိန်းအင်းရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြှုပ်နှံထားခဲ့တာကြောင့် မိသားစုနဲ့ နီးစပ်သူတွေက ပြန်လည်တူးဖော်ပြီး ရွာသုသာန်မှာ ပြောင်းရွှေ့မြှုပ်နှံ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီ တပ်နဲ့ နဂါးညီ PDF တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ နဂါးညီနောင်အဖွဲ့က ပြောပါတယ်။
“ဒီဇင်ဘာ ၁၈ ရက်နေ့က ညနေ ၃ နာရီမှာ စစ်ကောင်စီ စစ်ကြောင်း ကျော်မှော်ရွာကို ဝင်လာတယ်။ စစ်အင်အား ၁၀၀ လောက် စစ်ကြောင်းထိုးလာခဲ့တယ်။ ရွာထဲကို ဝင်ရောက်မွှေနှောက်တယ်။ ပိတ်မိနေတဲ့ ပြည်သူများတွေ ကယ်ထုတ်ဖို့ သွားတယ်။ ပထမတခါ ကားနဲ့သွားတယ်။ နောက် ဆိုင်ကယ်နဲ့ အခင်းထဲ သွားပြောတဲ့အချိန်မှာ စစ်ကောင်စီတပ် တွေ့ပြီး ပစ်သတ်ခံလိုက်ရတယ်။ ကျနော်တို့ နဂါးညီနောင်မှာ လက်နက်ဝယ်ဖို့ ပိုက်ဆံလိုတာရှိတယ်။ အခုချိန်က စစ်ကောင်စီဘက်က လက်နက်အားကောင်းတယ်။ ကျနော်တို့မှာ ပြည့်စုံတာမရှိသေးတော့ အခုလို ကျနော့်ရဲဘော် ၂ ယောက် ကျဆုံးသွားတယ်။ အများကြီး ထိခိုက်ရတယ်” လို့ နဂါးညီနောင်ခေါင်းဆောင် ကိုမင်းနိုင်မင်းက ပြောပါတယ်။
စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးကတော့ ကိုခိုင်မင်းသန့်နဲ့ ကိုချမ်းမြေ့ကျော် ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောရွာက ဒေသခံ ၄ ယောက်အပါအဝင် ၆ ယောက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၅ ရက်က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ မံပင်ရွာရောက် စက်တောရွာသားတဦးက ပြောပါတယ်။
အဲဒီနေ့က မံပင်ရွာကို စစ်ကြောင်းထိုး ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ သေဆုံးသူတွေဟာ နားမော်တောထဲမှာ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ မံပင်ရွာသားတွေက ပြောပါတယ်။
အခုချိန်မှာ PDF စိုးမိုးနယ်မြေတွေထဲက တခုဖြစ်တဲ့ ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပြီး ကျေးရွာတချို့မှာ စစ်ကောင်စီတပ်တွေ စခန်းချနေကြတာလို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
အလောင်းတွေကိုတော့ မံပင်ရွာနဲ့အနီးနားရွာချင်းဆက်က ဒေသခံတွေပေါင်းပြီး နားမော်သင်္ချိုင်းမှာ အောက်တိုဘာ ၁၆ ရက်က သင်္ဂြိုဟ်လိုက်တာလို့ မံပင်ရွာရောက် စက်တောရွာသားက ပြောပါတယ်။
စက်တောရွာသား ၄ ဦးကိုတော့ မိသားစုက လူပျောက်တိုင်ထားတာဖြစ်ပြီး သူတို့တွေကတော့ ကိုမင်းမင်း၊ ကိုစိန်ကျော်မင်း၊ ကိုအောင်စိုးနဲ့ ကိုကျော်ကျော်တို့ဖြစ်တယ်လို့ ဗန်းမောက်ပြည်သူ့ ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ဗန်းမောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက “စကစတွေက ရွာတွေမှာ အထိုင်ချ နေကြတာ။ ဒီတော့ တောထဲမှာတွေ့တော့ PDF အထင်နဲ့ ဖမ်းခံရတာ။ တခြား ၂ ယောက်က ဘယ်က ဘယ်သူဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
ပျောက်ဆုံးသူတွေဟာ ကျောက်ရွှေလုပ်ကွက်လာရှာသူတွေဖြစ်ပြီး နားမော်တောထဲမှာ စစ်တပ်က ဖမ်းသွားတယ်ဆိုတာ မြင်တဲ့သူတချို့က ပြောတယ်လို့ ပျောက်ဆုံးသူတွေနဲ့ဆွေးမျိုးတော်သူ ကဒူးလူငယ်က ပြောပါတယ်။
ဗန်းမောက်နယ်ဘက်မှာတော့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KAI)၊ PDF နဲ့ ပ.က.ဖ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေ လှုပ်ရှားတဲ့နေရာဖြစ်တာကြောင့် အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဗန်းမောက်မြို့နယ်၊ နားမော်ရွာအနီးမှာ အောက်တိုဘာ ၁၁ ရက်က စစ်ကောင်စီ စစ်ကြောင်းနဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ဖြစ်တဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ စစ်ကိုင်းအထူးတပ်ဖွဲ့ဝင် ၆ ယောက်မှာ အမျိုးသမီး ၁ ယောက်နဲ့ တက္ကသိုလ်ကျော်းသား ၁ ယောက်(ရွှေကူကပါ) ပါတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။
တော်လှန်ရေးနဲ့ နီးစပ်သူတဦးက “ဝန်းသိုမြို့နယ်က မသက်သက်ဝင်းပါ အသက် ၃၄ နှစ်။ စစ်ကိုင်းအထူးတပ်ဖွဲ့ရဲ့ ကွန်မန်ဒို တပ်ဖွဲ့ဝင်ပါ။ သူနဲ့အတူ ၅ ယောက် ကျဆုံးသွားတာ” လို့ ပြောပါတယ်။
ကျဆုံးသွားသူ မသက်သက်ဝင်းဟာ ငယ်စဉ်ကတည်းက ယောင်္ကျားလေးလို နေထိုင်ပြီး တော်လှန်ရေး ကာလအစမှာပင် လက်နက်ကိုင်တော်လှန်မယ်ဆိုပြီး စစ်သင်တန်းတက်ရောက်ကာ ထူးချွန်ထက်မြက်တာကြောင့် တပ်စိပ်မှူး တာဝန်ပေးခံထားတယ်လို့ သိရပါတယ်။
အထူးတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကိုတော့ ပြန်မသယ်နိုင်ခဲ့ပေမဲ့ အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ Indaw Revolution-IR အဖွဲ့က ဆို ပါတယ်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ခြမ်း စီမူလေးနဲ့ စီမူကြီးကျေးရွာနားမှာ အောက်တိုဘာ ၁၁ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ KIA၊ KPDF ပူးပေါင်းတပ်တို့ဖြစ်ပွားတဲ့ တိုက်ပွဲမှာ အသက် ၂၁ အရွယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဗန်းမော်တက္ကသိုလ်သိုလ်ကျောင်းသား မောင်ရှိန်းထက်ဝေ(ခ) ဖိုးစွန်ဟာ ရင်ဘတ်နဲ့ လက်မောင်း ကျည်ထိ မှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့တာလို့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေကူမြို့နယ်အနောက်ခြမ်း စီသာ၊ စီးမော်၊ နောင်လတ်ကြီး၊ နန့်လင်း၊ ခေါ်လေး၊ မန်ဝိန်း၊ စီမူကြီးနဲ့ စီမူလေးရွာတွေဘက် ဆက်လက်စစ်ကြောင်းထိုးနေတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေ စစ်ဘေးလွတ်ရာ တောထဲ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။