close

စက်တောရွာ နေအိမ်နှင့်စပါးတိုက် ၇၀ ခန့်ကို စစ်တပ်ကမီးရှို့၊ ယင်းမာပင်တိုက်ပွဲတွင် PDF ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စက်တောရွာကို ဒီဇင်ဘာ ၂၀ ရက် မနက်မှာ အကြမ်းဖက်စစ်ကောင်စီက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး လူနေအိမ် ၄၁ လုံးနဲ့ စပါးတိုက် (စပါးကျည်) ၃၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။  

အိမ်ခြေ ၁၀၀ ဝန်းကျင်ရှိတဲ့ စက်တောရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ဒီနေ့မနက်အစောပိုင်း နန်းကင်ရွာထဲ သေနတ်ပစ်ဖောက် ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။ 

“၂၉ ရက်နေ့ညက စက်တောရွာမှာအိပ်ပြီး ၂၀ ရက်နေ့ မနက်မှာ မီးရှို့သွားတာ၊ စစ်ကြောင်း ၂ ကြောင်းနဲ့လာတာ၊ နတ်မဟုတ်ကြီးဘက်ကိုတဖွဲ့၊ ဒီဘက်ကိုတဖွဲ့၊ ၂ ဖွဲ့ စစ်ကြောင်းထိုးလာတာ။ နတ်မဟုတ်ကြီးနဲ့ နန်းကင်ရွာက နီးနီးလေးဆိုတော့ နန်းကင်ရွာထဲကို ရှေ့ပွိုင့်အနေနဲ့ ဝင်တာပါ။ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ တပ်ရင်းနဲ့ ခလရ ၄၁၆ တပ်ရင်းတို့ဖြစ်တယ်။”

အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် ပြည်သူအချင်းချင်း ဂရုစိုက်ပေးဖို့နဲ့ ကူညီစောင့်ရှောက်ပေးကြပါလို့ အင်းတော် PDF တပ်ဖွဲ့က အသိပေး ပြောဆိုထားပါတယ်။

အင်းတော်မြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းက ဒေသခံရွာသား ၄ ဦးကို အကြောင်းမဲ့ပစ်သတ်ကာ ပိန်းအင်းရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း မြှုပ်နှံထားခဲ့တာကြောင့် မိသားစုနဲ့ နီးစပ်သူတွေက ပြန်လည်တူးဖော်ပြီး ရွာသုသာန်မှာ ပြောင်းရွှေ့မြှုပ်နှံ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာမှာ ဒီဇင်ဘာ ၁၉ ရက်‌နေ့က စစ်ကောင်စီ တပ်နဲ့ နဂါးညီ PDF‌ တွေ တိုက်ပွဲ ဖြစ်‌ပွားခဲ့ပြီး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ နဂါးညီနောင်‌အဖွဲ့က‌ ပြောပါတယ်‌။

“ဒီဇင်‌ဘာ ၁၈ ရက်‌‌နေ့က ည‌နေ ၃ နာရီမှာ စစ်ကောင်စီ စစ်ကြောင်း‌ ကျော်‌‌မှော်‌ရွာကို ဝင်‌လာတယ်‌။ စစ်အင်အား ၁၀၀ ‌လောက်‌ စစ်‌‌ကြောင်းထိုးလာခဲ့တယ်‌။ ရွာထဲကို ဝင်ရောက်မွှေနှောက်တယ်။ ပိတ်မိနေတဲ့ ပြည်သူများ‌တွေ ကယ်ထုတ်ဖို့ သွားတယ်‌။ ပထမတခါ ကားနဲ့သွား‌တယ်‌။ နောက်‌ ဆိုင်‌ကယ်‌နဲ့ အခင်းထဲ သွား‌ပြောတဲ့အချိန်‌မှာ စစ်‌‌‌ကောင်‌စီတပ်‌‌ တွေ့ပြီး ပစ်‌သတ်ခံလိုက်‌ရတယ်‌။ ကျနော်တို့ နဂါးညီ‌နောင်‌မှာ လက်‌နက်‌ဝယ်‌ဖို့ ပိုက်‌ဆံ‌လိုတာရှိတယ်‌။ အခုချိန်‌က စစ်‌‌ကောင်‌စီဘက်‌က လက်‌နက်‌အား‌ကောင်းတယ်‌။ ကျနော်‌တို့မှာ ပြည့်စုံတာမရှိ‌သေး‌တော့ အခုလို ကျနော့်ရဲ‌ဘော်‌ ၂‌ ယောက်‌ ကျဆုံးသွားတယ်‌။ အများကြီး ထိခိုက်‌ရတယ်‌” လို့ နဂါးညီ‌နောင်‌‌ခေါင်း‌ဆောင်‌ ကိုမင်းနိုင်မင်းက ပြောပါတယ်‌။

စစ်‌‌ကောင်‌စီတပ် ပစ်‌သတ်မှု‌ကြောင့် ကျဆုံးသွားတဲ့ ရဲ‌ဘော်‌ ၂ ဦးကတော့ ကိုခိုင်မင်းသန့်နဲ့  ကိုချမ်းမြေ့ကျော် ဖြစ်‌တယ်‌လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up