တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ အန်းညန်မြို့ရှိ စက်ရုံတရုံမှာ မီးလောင်မှုဖြစ်ပွားပြီး လူ ၃၆ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာပါတယ်။
နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနမှာတော့ ကောင်းကင်ယံမှာ မည်းမှောင်နေတဲ့ မီးခိုးလုံးကြီးတွေ ထူထပ်နေပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်နေကြတာကို ပြသပါတယ်။
ဒီမီးဟာ နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက အန်းညန်မြို့က High-tech ဇုန်လို့ သိကြတဲ့ ဝမ်ဖုန်းခရိုင်ရှိ ခိုင်ရှင်းဒါ ကုန်သွယ်ရေးကုမ္ပဏီမှာ စတင်လောင်ကျွမ်းခဲ့တာပါ။
မီးကို ဒေသစံတော်ချိန် ည ၈ နာရီမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ည ၁၁ နာရီမှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ လူ ၃၆ ဦး သေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာအနည်းငယ်နဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း CCTV က ဖော်ပြပြီး လူ ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ဘတ်ငွေ ၅၆ ဒသမ ၃ ဘီလီယံတန်ဖိုးနဲ့ စားသောက်ကုန်လုပ်ငန်းတွေ အများဆုံးပါဝင်တဲ့ စက်ရုံသစ် ၁,၀၀၀ ကျော် စတင်လည်ပတ်ခဲ့ပြီး ဒါဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ နှေးကွေးစွာ ပြန်လည် နာလန်ထူလာနေတဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ ထိုင်းစက်မှုလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။
အခု ၂၀၂၂ ဘဏ္ဍာနှစ် ပထမနှစ်ဝက်မှာ စီးပွားရေးလုပ်ငန်း ပိတ်သိမ်းမှု ၃၆၁ ခုရှိခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ ယှဉ်ရင် ၈ ဒသမ ၃၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားဦးရေကတော့ ၁၂,၁၇၂ ယောက်ရှိခဲ့ကာ အရင်နှစ် အလားတူကာလထက် ၈ ဒသမ ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိန်းဂဏန်းတွေက ကပ်ဘေးကာလအတွင်း စက်ရုံငယ်တွေအပေါ် ပြင်းပြင်းထန်ထန် သက်ရောက်ထိခိုက်ခဲ့မှုနောက်မှာ တိုးတက်လာတဲ့ စီးပွားရေးကို ထင်ဟပ်နေတယ်လို့ ထိုင်းစက်မှုလုပ်ငန်းဦးစီးဌာန အကြီးအကဲ ဝမ်ချိုင်ဖနွမ်ချိုင်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာတော့ စားသောက်ကုန်လုပ်ငန်းက စက်ရုံသစ်တွေထဲ ရေပန်းအစားဆုံးဖြစ်ပြီး သူ့နောက်မှာတော့ သစ်လုပ်ငန်းနဲ့ စတီးလုပ်ငန်းတွေ ရှိနေတာ ဖြစ်ပါတယ်။
စက်ရုံသစ်တွေ အရေအတွက်ဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကထက် နည်းပေမယ့် ရင်းနှီးမြုပ်နှံမှုကတော့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်မှုတွေကို ဆက်လက်ပြီး ထိန်းထားနိုင်မယ်ဆိုရင်တော့ အခုလက စတင်ပြီးတော့ တိုးတက်လာနိုင်ဖွယ် ရှိတယ်လို့လည်း မစ္စတာဝမ်ချိုင်က ပြောပါတယ်။
ဒါ့အပြင် စက်ရုံတွေအများစုဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီကြောင်းနဲ့ ဥပဒေချိုးဖောက်တဲ့ စက်ရုံပိုင်ရှင်တွေကိုလည်း အာဏာပိုင်တွေက ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ထိုင်းစက်မှုလုပ်ငန်းဦးစီးဌာန အနေနဲ့ စက်မှုစွန့်ပစ်ပစ္စည်းတွေကို လျှို့ဝှက်စွန့်ပစ်တဲ့ စက်ရုံတွေ၊ ကုသမှုမရှိဘဲ ရေဆိုးထုတ်လွှတ်တဲ့ စက်ရုံတွေအပေါ် ဒဏ်ခတ်မှုတွေ ပိုမိုချမှတ်ထားပြီး စက်မှုလုပ်ငန်းသုံး စွန့်ပစ်ပစ္စည်းတွေ ပို့ဆောင်မှု အစီရင်ခံဖို့ ပျက်ကွက်မှုအတွက် ဝန်ထမ်း ၄၀,၀၀၀ ထက်မနည်း စွဲချက်တင်ထားတယ်လို့ မစ္စတာဝမ်ချိုင်းက ပြောပါတယ်။