တရုတ်နိုင်ငံတွင် စက်ရုံမီးလောင်ပြီး လူ ၃၆ ဦးသေဆုံး

တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ အန်းညန်မြို့ရှိ စက်ရုံတရုံမှာ မီးလောင်မှုဖြစ်ပွားပြီး လူ ၃၆ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာပါတယ်။
နိုင်ငံပိုင်ရုပ်သံ CCTV သတင်းဌာနမှာတော့ ကောင်းကင်ယံမှာ မည်းမှောင်နေတဲ့ မီးခိုးလုံးကြီးတွေ ထူထပ်နေပြီး မီးသတ်သမားတွေက မီးငြှိမ်းသတ်နေကြတာကို ပြသပါတယ်။
ဒီမီးဟာ နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းက အန်းညန်မြို့က High-tech ဇုန်လို့ သိကြတဲ့ ဝမ်ဖုန်းခရိုင်ရှိ ခိုင်ရှင်းဒါ ကုန်သွယ်ရေးကုမ္ပဏီမှာ စတင်လောင်ကျွမ်းခဲ့တာပါ။
မီးကို ဒေသစံတော်ချိန် ည ၈ နာရီမှာ ထိန်းချုပ်နိုင်ခဲ့ပြီး ည ၁၁ နာရီမှာ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။
နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းအထိ လူ ၃၆ ဦး သေဆုံးပြီး ၂ ဦးမှာ ဒဏ်ရာအနည်းငယ်နဲ့ ဆေးကုသမှုခံယူဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း CCTV က ဖော်ပြပြီး လူ ၂ ဦးလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။