close

စကြဝဠာ

close

June 2, 2022

စကြဝဠာထဲ ဥက္ကာပျံစင်းရေ ၁ သိန်းခန့် ဖြတ်သန်းမှု ဘရာဇီးပညာရှင်များ မှတ်တမ်းတင်

ထိုး-ဟာကျူးရစ် ဥက္ကာပျံဟာ ကမ္ဘာ့လေထုထဲ ဖြတ်သန်းဝင်ရောက်ရင်း စကြဝဠာထဲက ကျောက်တုံးတွေကိုပါ သယ်လာခဲ့လို့ မေ ၃၁ ရက်ညဦးပိုင်းက ကောင်းကင်မှာ ထွန်းလင်းတောက်ပခဲ့ပါတယ်။

အချိန်တနာရီမှာ ဥက္ကာပျံစင်းရေ တသိန်းလောက်ဟာ အမြန်နှုန်း ၉ ဒသမ ၉ မိုင်နှုန်းလောက်နဲ့ ဖြတ်သန်းဝင်ရောက်လာတာကို မှတ်တမ်းတင်ရလိမ့်မယ်လို့ ပညာရှင်တွေက ဟောကိန်းထုတ်ထားပါတယ်။

ဥက္ကာပျံတွေကို ဘရာဇီးအပါအဝင် တောင်ဘက်ကမ္ဘာခြမ်းက စောင့်ကြည့်လေ့လာသူတွေ အနေနဲ့ မြင်နိုင်သလို မြောက်ကမ္ဘာခြမ်းက လေ့လာသူတွေက ပိုကောင်းကောင်း မြင်နိုင်ပါတယ်။

ကြယ်တံခွန် 73 P ဖြတ်သန်းသွားလို့ ကျန်ရစ်ခဲ့တဲ့ အပိုင်းအစတွေကြောင့် ဒီဥက္ကာပျံတွေကို တွေ့ရတာပါ။

“ကမ္ဘာဂြိုဟ်ဟာ ဒီအပိုင်းအစတွေရဲ့ ပတ်လမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်ကျော်ခဲ့လို့ ကျနော်တို့ရဲ့ လေထုထဲကို အပိုင်းအစတွေ ဝင်လာခဲ့တာ” လို့ ဟဲလာအန်ယွန်း အာကာသ လေ့လာရေးစခန်း ညွှန်ကြားရေးမှူး ကားလော့စ် ဖာနန်ဒိုယွန်းက ပြောပါတယ်။

ဟဲလာအန်ယွန်း အာကာသလေ့လာရေးစခန်းဟာ ၉ ဒသမ ၉ စက္ကန့်ကြာတဲ့ ဥက္ကာပျံပြိုကျမှုကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ အကြာဆုံးမှတ်တမ်းလို့လည်း ပြောပါတယ်။

ဥက္ကာပျံဟာ အမြင့်ပေ ၈၈ ဒသမ ၃ ကီလိုမီတာ (၅၄ ဒသမ ၈ မိုင်) မှာ လေထုထဲ ဝင်ရောက်ခဲ့ပြီး သမုဒ္ဒရာထဲကို ကျဆင်းခဲ့ပါတယ်။

4 mins Ago

December 26, 2021

စကြဝဠာဖြစ်စဉ် အသေးစိတ်ဖော်ထုတ်မည့် ဂျိမ်းစ်ဝက်ဘ်တယ်လီစကုပ်ကို နာဆာလွှတ်တင်

အမေရိကန် နာဆာအဖွဲ့က ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံကုန်ကျတဲ့ ဂျိမ်းစ်ဝက်ဘ် အာကာသ အဝေးကြည့်မှန်ပြောင်း (James Webb Space Telescope) ကို ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ တောင်အမေရိက အရှေ့မြောက်ကမ်းခြေကနေ အာရိယန်ဒုံးပျံ (Ariane 5) နဲ့  လွှတ်တင်နိုင်ခဲ့ပါတယ်။

ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းက နဂါးငွေ့ကြယ်စင်တန်းတွေကို လေ့လာပြီး လူသားတွေကို စကြဝဠာရဲ့ အနက်ရှိုင်းဆုံး အကြောင်းအရာတွေ အမှန်ကန်ဆုံး အလင်းပြနိုင်တော့မှာပါ။ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကို အောင်မြင်စွာ လွှတ်တင်နိုင်တာဟာ အာကာသနက္ခတ္တပညာရပ် လေ့လာမှုအတွက် တော်လှန်ပြောင်းလဲတဲ့ ခေတ်သစ်တခု စတင်တာလို့ နာဆာက ပြောပါတယ်။

ဂျိမ်းစ်ဝက်ဘ်ဆိုတာ နာဆာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ အမည်ကို ဂုဏ်ပြုထားတာပါ။ အဲဒီတယ်လီစကုပ်က အာကာသကို နှစ်ပတ်ကြာ ဖြတ်သန်းပြီးနောက်၊ ကမ္ဘာမြေမှ မိုင်ပေါင်း ၁ သန်း ကွာဝေးတဲ့ နေပတ်လမ်းကြောင်းနားထိ ရောက်ရှိသွားမှာပါ။ လကို ကျော်လွန်ပြီး ကမ္ဘာနဲ့ လရဲ့အကွာအဝေးရဲ့ ၄ ဆ ဝေးပါတယ်။  

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ရဲ့ ပတ်လမ်းကြောင်းနဲ့ ကမ္ဘာဂြိုဟ်ရဲ့ပတ်လမ်းကြောင်းတို့ကို ချိန်ညှိထားပြီး နှစ်ခုစလုံးက နေကို တပြိုင်နက် ပတ်ကြပါလိမ့်မယ်လို့ ဆိုပါတယ်။  

လွန်ခဲ့တဲ့ နှစ် ၃၀ မှာ နာဆာက  ဟတ်ဘယ်လ် အာကာသကြည့်မှန်ပြောင်း (Hubble Space Telescope) ကို လွှတ်တင်ထားပြီး၊ ကမ္ဘာမြေကနေ မိုင် ၃၄၀ အကွာမှာ ဖြတ်သန်းနေပါတယ်။ Hubble တယ်လီစကုပ်က စကြဝဠာပေါက်မှု (Big Bang) ဖြစ်ပြီးနောက် နှစ် သန်းပေါင်း ၄၀၀ ခန့် ဖြစ်စဉ်ကို ရှာဖွေပေးပါတယ်။  အခု ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်က Hubble တယ်လီစကုပ်ထက် အဆ ၁၀၀ စွမ်းဆောင်နိုင်ပြီး၊ စကြဝဠာ ပေါက်ကွဲပြီး နှစ်ပေါင်း ၁၃ ဒသမ ၈ ဘီလီယံ ဖြစ်စဉ်တွေကို ရှာဖွေပေးနိုင်ပါတယ်၊။

ဂျိမ်းစ်ဝက်ဘ် တယ်လီစကုတ်ဟာ အနုတ် ၂၃၃ ဒီဂရီစင်တီဂရိတ်မှာ ရှိနေမှာပါ။ တယ်လီစကုပ်မှာ ၆ ဒသမ ၅ မီတာ ကျယ်ဝန်းတဲ့ ရွှေရောင်မှန်တစ်ခုပါရှိပြီး စကြဝဠာရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးမယ့် အရာပါ။

နေအဖွဲ့အစည်းရှိ ဂြိုဟ်အားလုံးအကြောင်းနဲ့ နဂါးငွေ့တန်းရှိ ကြယ်တွေရဲ့ မွေးဖွားမှု၊ စကြဝဠာရဲ့ ဖြစ်တည်မှုတွေ အကြောင်းတွေကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

5 months Ago
Up