စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အကြားရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို ရွှေဘိုမြို့နယ်က ဆင်အင်းရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့ စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။
ရေဦးနဲ့ ဒီပဲယင်းအစပ်က ဆည်ကြီးကျေးရွာကို ဒီဇင်ဘာ ၂ ရက် ညနေပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရသလို ဒီပဲယင်း အရှေ့ဘက်ခြမ်းက သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီးနဲ့ ရုံးသာရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။
ဒေသခံတဦးက “ဆည်ကြီးရွာကို စစ်ကြောင်းဝင်လာပြီး တပ်စွဲတယ်။ သူတို့က ရွာမီးရှို့၊ လူပါ ပစ်သတ်လေ့ရှိတော့ အရင်ပြေးရတာ။ ဆည်ကြီးရွာရော အနီးဝန်းကျင်ရွာတွေကပါ အကုန်လုံး ပြေးနေရတာပါ"လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ တရွာဝင်တရွာထွက် စစ်ကြောင်းဝင်နေလို့ ရေဦး - ညောင်လှ လမ်းကို ဖြတ်သန်း သွားလာတာ မလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာကနေအိမ် တွေကို တတိယအကြိမ် မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဆင်အင်းကျေးရွာမှာ ညအိပ်တပ်စွဲတဲ့ စစ်ကောင်စီတပ်က နောက်ရက်မနက်မှာ မီးရှို့သွားတာလို့ သိရပြီး အင်ကြင်းပင်ရွာနားမှာလည်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။
ဒေသခံတဦးက "ညအိပ်တပ်စွဲပြီး မနက်ပိုင်း ရွာကို ထပ်မီးရှို့တာပါ။ ဆင်အင်းရွာကို မီးရှို့အပြီး အင်ကြင်းပင်ရွာဘက်ကို ထွက်တဲ့လမ်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အင်ကြင်းပင်ရွာကိုလည်း ဝင်မီးရှို့တယ်။ မီးလောင်အိမ်ခြေ မတွက်ရသေးဘူး" လို့ ဆိုပါတယ်။
ဆင်အင်းကျေးရွာဟာ နိုဝင်ဘာ ၁၈ ရက်က တကြိမ်၊ နိုဝင်ဘာ ၂၉ ရက်က တကြိမ် မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး အခုဆို ၃ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ကျေးရွာချင်းဆက်စပ်နေတဲ့ ဗျိုင်းကြိုင်ရွာနားမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗျိုင်းကြိုင်ကျေးရွာနဲ့ သဘွတ်တောကျေးရွာက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက် စစ်ကြောင်းထိုး နေသလို မီးရှို့နေတဲ့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်တိုက်ပွဲ ဖြစ်နေပါတယ်။
မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ဒီဇင်ဘာ ၁ ရက် ည ၈ နာရီလောက်က ငါမြှာကြီးရွာက နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ တဦးက "ဒလန်သတင်းပေးတာက ငါမြှာလေးရွာကို။ စစ်သားတွေက ရွာချင်း ကပ်လျက် ဆိုတော့ (ငါးမြှာကြီးရွာကို) မှားရှို့တာ။ နောက်မှ သူတို့ မှားမှန်းသိပြီး ထပ်မရှို့တော့တာ။ လေးအိမ်ပဲ လောင်သွားတယ်။ အရှို့ခံရတဲ့အိမ်တွေက စစ်သားတွေ မဆင်မခြင်ရှို့လို့ ပြာကျ သွားတယ်"လို့ ဆိုပါတယ်။
ငါမြှာကြီးကျေးရွာကနေအိမ် ၄ လုံးကို မီးရှို့ပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်ပြီး မသင်္ကာတဲ့သူတွေနဲ့ အန်အယ်လ်ဒီပါတီထောက်ခံတဲ့ပစ္စည်းတွေ့တဲ့ ရွာသား ၃၀ လောက်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
အလားတူ ငါမြှာလေးကျေးရွာသား အယောက် ၅၀ ကိုလည်း စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး တယောက်ကို ကျပ် ၃၀၀၀၀ တောင်းခံနေတယ်လို့လည်း ရွာသားတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာတဲ့ ညက ဒေသခံရွာသားတွေဟာ ကြောက်လန့် ထွက်ပြေးခဲ့ကြရပြီး အခု ရွာထဲ ပြန်ရောက်နေကြပြီဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လမ်းဆုံမြို့မှာ ဇွန် ၁၀ ရက် ညပိုင်းက ဈေးဆိုင်ခန်းတွေနဲ့ ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်သားတွေက အကြမ်းဖက်ပစ်ခတ်လို့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက် ကျည်ထိမှန်သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ရွှေကန်တော့မြတ်စွာဘုရားဈေးတိုက်တန်းနဲ့ ကျေးရွာ နှစ်ရွာ မီးရှို့ခံရတယ်။ ဆိုင်ခန်း ၃၀ ကျော်နဲ့ လူနေအိမ်က ၁၀ လုံးလောက် မီးလောင်သွားတယ်" လို့ ဒေသခံက ပြောပါတယ်။
မီးလောင်နေချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လို့ လမ်းဆုံမြို့ အ.ထ.က. ၂ ကျောင်း အနားမှာနေတဲ့ အမျိုးသမီးတယောက် ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ တန့်ဆည် ကူညီထောက်ပံ့ရေးအဖွဲ့ - TSO အဖွဲ့ကပြောပါတယ်။
သေဆုံးသူရဲ့ နီးစပ်သူဆွေမျိုးတဦးက “သေနတ်သံတွေ ကြားရပြီးတော့ အစ်မဝမ်းကွဲ ရင်ဘတ်တည့်တည့် သေနတ်မှန်ပြီး သေဆုံးသွားပြီ” လို့ ပြောပါတယ်။
ဈေးဆိုင်ခန်းတွေ မီးလောင်နေတဲ့ တချိန်တည်းမှာပဲ စစ်တပ်က ချောင်းဆုံတောင်ရွာက နေအိမ် ၇ လုံးနဲ့ ဆင်ငယ်ရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ကျေးရွာတချို့မှာ ဇွန် ၁၁ ရက်မနက် ၅ နာရီခွဲလောက်စပြီး ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့အတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်က အနီးနားက ရွာတွေကို မီးရှို့ခဲ့တာကြောင့် ရွာထောင်ကျေးရွာက နေအိမ် ၈ လုံးနဲ့ လေးရွာကျေးရွာက နေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန် ၁၀ ရက် ညပိုင်း ၉ နာရီကျော်က PDF ပူးပေါင်းအဖွဲ့တွေက ယင်းမာပင်မြို့တွင်းရှိ စစ်ကောင်စီတပ်စွဲနေရာတွေကို အဝေးပစ်လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ကလည်း ပြန်လည်ပစ်ခတ်ခဲ့လို့ မြို့တွင်းရပ်ကွက်တွင်း ၆ နေရာလောက်မှာ လက်နက်ကြီးတချို့ကျရောက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘူးလို့ ယင်းမာပင်မြို့နေ ပြည်သူတချို့က ပြောပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာတော့ မြေခြားရွာကို ဇွန် ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဝင်ရောက်မီးရှို့ခဲ့လို့ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး သက်ကြီးအဘိုးအိုတစ်ယောက် ရွာထဲမှာကျန်နေခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၇၀ လောက်ဟာ မြေခြားရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ဝင်ရောက်လာပြီး ဒီနေ့ မနက် ၁၁ နာရီလောက်မှာ တစ်ရွာလုံးပတ်ပြီး မီးရှို့ဖျက်ဆီးနေကြတယ်လို့ မြေခြားကျေးရွာသားတယောက်က ပြောပါတယ်။
“ကျနော်တို့ရွာက အိမ်ခြေ ၁၇၀ လောက်ရှိတယ်ဗျ။ စစ်(...)တွေ ရွာထဲကို မရောက်ခင်ကတည်းက တစ်ရွာလုံးဘေးလွတ်ရာကို ထွက်ပြေးခဲ့ရတာ။ ရွာထဲမှတော့ လမ်းမလျှောက်နိုင်တဲ့ အသက် ၆၀ ကျော်အရွယ် အဘိုးတယောက် ကျန်ခဲ့တယ်။ သေလား ရှင်လား မီးထဲပါသွားပြီလား အတိကျမသိရသေးဘူး။ စစ်(...)တွေကနည်းနည်းပဲပါတာ။ ပင်ထောင်နဲ့ သစ်ချိုကုန်းရွာဘက်က ပျူ(...)တွေများများပါတယ်။ ရွာပတ်ပတ်လည်ကနေ မီးခိုးလုံး မီးတောက်တွေ တက်နေတာကို အဝေးကနေလှမ်းမြင်နေရတယ်။ ဘယ်သူမှလည်း ရွာနား မကပ်ရဲကြတော့ အိမ်ခြေ အများအပြား မီးလောင်ဆုံးခန့်မှန်းရတယ်။”
မြေခြားကျေးရွာကို မေလ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် ၁ လုံးနဲ့ ကြက်ခြံ ၃ ခြံကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
မကွေးတိုင်းမှာ ပြီးခဲ့မေလ တစ်လအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၉၂၄ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။