close

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အကြားရှိ ကျေးရွာတွေကို  စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသလို ရွှေဘိုမြို့နယ်က ဆင်အင်းရွာကို မီးရှို့ဖျက်ဆီးသွားတယ်လို့  စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။   

ရေဦးနဲ့ ဒီပဲယင်းအစပ်က ဆည်ကြီးကျေးရွာကို ဒီဇင်ဘာ ၂ ရက် ညနေပိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရသလို  ဒီပဲယင်း အရှေ့ဘက်ခြမ်းက သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီးနဲ့ ရုံးသာရွာတွေက ဒေသခံတွေလည်း ထွက်ပြေးနေရပါတယ်။

ဒေသခံတဦးက “ဆည်ကြီးရွာကို စစ်ကြောင်းဝင်လာပြီး တပ်စွဲတယ်။ သူတို့က ရွာမီးရှို့၊ လူပါ ပစ်သတ်လေ့ရှိတော့ အရင်ပြေးရတာ။ ဆည်ကြီးရွာ‌ရော အနီးဝန်းကျင်ရွာတွေကပါ အကုန်လုံး ပြေးနေရတာပါ"လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ တရွာဝင်တရွာထွက် စစ်ကြောင်းဝင်နေလို့ ရေဦး - ညောင်လှ လမ်းကို ဖြတ်သန်း သွားလာတာ မလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာကနေအိမ် တွေကို တတိယအကြိမ် မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆင်အင်းကျေးရွာမှာ ညအိပ်တပ်စွဲတဲ့ စစ်ကောင်စီတပ်က နောက်ရက်မနက်မှာ မီးရှို့သွားတာလို့ သိရပြီး ‌‌အင်ကြင်းပင်ရွာနားမှာလည်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။

ဒေသခံတဦးက "ညအိပ်တပ်စွဲပြီး မနက်ပိုင်း ရွာကို ထပ်မီးရှို့တာပါ။ ဆင်အင်းရွာကို မီးရှို့အပြီး အင်ကြင်းပင်‌ရွာဘက်ကို ထွက်တဲ့လမ်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်။ အင်ကြင်းပင်ရွာကိုလည်း  ဝင်မီးရှို့တယ်။ မီးလောင်အိမ်ခြေ မတွက်ရသေးဘူး" လို့ ဆိုပါတယ်။

ဆင်အင်းကျေးရွာဟာ နိုဝင်ဘာ ၁၈ ရက်က တကြိမ်၊ နိုဝင်ဘာ ၂၉  ရက်က တကြိမ် မီးရှို့ ဖျက်ဆီး ခံခဲ့ရပြီး အခုဆို ၃ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကျေးရွာချင်းဆက်စပ်နေတဲ့ ဗျိုင်းကြိုင်ရွာနားမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗျိုင်းကြိုင်ကျေးရွာနဲ့ သဘွတ်တောကျေးရွာက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းထဲက ရွာတွေကို  စစ်ကောင်စီတပ်က ဝင်ရောက် စစ်ကြောင်းထိုး နေသလို မီးရှို့နေတဲ့အပြင်  ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်တိုက်ပွဲ ဖြစ်နေပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ဒီဇင်ဘာ ၁ ရက် ည ၈ နာရီလောက်က ငါမြှာကြီးရွာက နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ တဦးက  "ဒလန်သတင်းပေးတာက ငါမြှာလေးရွာကို။ စစ်သားတွေက ရွာချင်း ကပ်လျက် ဆိုတော့ (ငါးမြှာကြီးရွာကို) မှားရှို့တာ။ နောက်မှ သူတို့ မှားမှန်းသိပြီး ထပ်မရှို့တော့တာ။ လေးအိမ်ပဲ လောင်သွားတယ်။ အရှို့ခံရတဲ့အိမ်တွေက စစ်သားတွေ မဆင်မခြင်ရှို့လို့ ပြာကျ သွားတယ်"လို့  ဆိုပါတယ်။

ငါမြှာကြီးကျေးရွာကနေအိမ် ၄ လုံးကို မီးရှို့ပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်ပြီး မသင်္ကာတဲ့သူတွေနဲ့ အန်အယ်လ်ဒီပါတီထောက်ခံတဲ့ပစ္စည်းတွေ့တဲ့  ရွာသား ၃၀ လောက်ကို ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။

အလားတူ ငါမြှာလေးကျေးရွာသား အယောက် ၅၀ ကိုလည်း စစ်ကောင်စီတပ်က ဖမ်းခေါ်သွားပြီး တယောက်ကို ကျပ် ၃၀၀၀၀ တောင်းခံနေတယ်လို့လည်း ရွာသားတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်လာတဲ့ ညက ဒေသခံရွာသားတွေဟာ ကြောက်လန့် ထွက်ပြေးခဲ့ကြရပြီး အခု ရွာထဲ ပြန်ရောက်နေကြပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up