မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်၊ ၃၆ လမ်း၊ ၈၄ လမ်းနဲ့ ၈၅ လမ်းကြားရှိ ဒဟတ္တောဘုရားဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်း ဩဂုတ် ၁၀ ရက် မနက် ၈ နာရီကျော်က ဗုံးနဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
စစ်ကောင်စီကင်းစခန်းကို အမည်မသိ အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးနဲ့ပစ်ပေါက်ရာ သဲအိပ်ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက “အဲ့ဒီဘုရားဝင်းထဲမှာ တပ်စွဲထားတာကြာပြီ။ တချို့ ဘုရားလာဖူးတဲ့သူတွေဆို မောင်းထုတ်ခံရတယ်တဲ့။ မနက်က ဗုံးနဲ့ပစ်ခံရတာ ရဲတယောက်ကတော့ အခြေအနေစိုးတယ်” လို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ကင်းတာဝန်ကျ တပ်ကြပ်ကြီး ဇော်ကွန်းမှာ မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့ပြီး ရဲတပ်သား ကျော်ထူးလွင်မှာ စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ ကင်းစခန်းတခုအား မေ ၁၅ ရက်နေ့မှာ ထီးလင်း PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထီလင်း PDF တာဝန်ခံ ကိုငရဲက ပြောပါတယ်။
တိုက်ပွဲချိန် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ယောက်ဝန်းကျင် သေဆုံးသွားပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထီးလင်း PDF က ထုတ်ပြန်ပါတယ်။
တိုက်ခိုက်ခံရတဲ့ ကင်းစခန်းနဲ့နီးစပ်သူ ဒေသခံတဦးက "တိုက်ပွဲဖြစ်ပွားပြီး စခန်းအတွင်းမှာ သူတို့တွေက အလောင်းတွေကို တခါတည်းသင်္ဂြိုဟ်ကြတယ်။ ၁၅ ယောက်လောက် သေဆုံးတယ်လို့လည်း ပြောတယ်။ ဆေးရုံကားတွေလာတာတော့ မတွေ့ရဘူး၊ ထီးလင်းမြို့ပေါ် ဆေးရုံကလည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအပြီးမှာ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်လာတဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထီးလင်းမြို့ကျေးရွာတရွာက ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ပြီး ကျွေးမွေးဂုဏ်ပြုခဲ့တယ်လို့ ထီးလင်း PDF က ဆိုပါတယ်။
ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားယာဉ်မောင်းတွေ၊ ပြည်သူတွေအနေနဲ့ ဂန့်ဂေါ-ကျောလမ်းပိုင်းကို အသုံးမပြုဖို့ကို ထီးလင်း PDF က သတိပေးထုတ်ပြန်ထားပါတယ်။
ရေမျက်နီကျေးရွာအနီး ကင်းစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြေုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။