close

ရေမျက်နီရွာအနီးက စစ်ကောင်စီကင်းစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း ထီးလင်းမြို့နယ်က ရေမျက်နီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေထိုင်တဲ့ ကင်းစခန်းတခုအား မေ ၁၅ ရက်နေ့မှာ ထီးလင်း PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ထီလင်း PDF တာဝန်ခံ ကိုငရဲက ပြောပါတယ်။

တိုက်ပွဲချိန် ၁ နာရီကျော်ကြာမြင့်ခဲ့ပြီး PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ယောက်ဝန်းကျင် သေဆုံးသွားပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ထီးလင်း PDF က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ကင်းစခန်းနဲ့နီးစပ်သူ ဒေသခံတဦးက "‌တိုက်ပွဲဖြစ်ပွားပြီး စခန်းအတွင်းမှာ သူတို့တွေက အလောင်းတွေကို တခါတည်းသင်္ဂြိုဟ်ကြတယ်။ ၁၅ ယောက်လောက် သေဆုံးတယ်လို့လည်း ပြောတယ်။ ဆေးရုံကားတွေလာတာတော့ မတွေ့ရဘူး၊ ထီးလင်းမြို့ပေါ် ဆေးရုံကလည်း ပိတ်ထားတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအပြီးမှာ ထိခိုက်ကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်လာတဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထီးလင်းမြို့ကျေးရွာတရွာက ဒေသခံတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့ပြီး ကျွေးမွေးဂုဏ်ပြုခဲ့တယ်လို့ ထီးလင်း PDF က ဆိုပါတယ်။

ထီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပြည်သူလူထုအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေး နေရာမရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားယာဉ်မောင်းတွေ၊ ပြည်သူတွေအနေနဲ့  ဂန့်ဂေါ-ကျောလမ်းပိုင်းကို အသုံးမပြုဖို့ကို ထီးလင်း PDF က သတိပေးထုတ်ပြန်ထားပါတယ်။

ရေမျက်နီကျေးရွာအနီး ကင်းစခန်း တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြေုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
Up