စစ်ကောင်စီခန့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ မတ်လ ၁၅ ရက် ဒီမနက် ၈ နာရီခွဲက ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားရှိ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မနက် ၉နာရီ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ UN နဲ့ WFP က အမြန်ရေယာဉ် ၅ စီး နဲ့ ထွက်သွားတာဖြစ်ပြီး Speed boat မလောက်လို့ ဘူးသီးတောင်က ၂ စီး ယူလာရသေးတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီဝန်ကြီးတွေဟာ မွတ်ဆလင် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်င အာဏာပိုင်တွေနဲ့ ၅ ရက်ကြာ ဆွေနွေးသွားမယ်လို့ စုံစမ်းသိရှိရပါတယ်။
“အနည်းဆုံး ၅ ရက်လောက်အထိ ကြာနိုင်တယ်ဗျ။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး နေရာကိုတောင် လက်ထောက်ကို ၅ ရက်အထိ တာဝန်လွှဲပြောင်းထားတယ်”လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ ဒေသခံက ပြောပါတယ်။
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စစ်တပ်ရဲ့ နယ်မြေရှင်းစစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကို အသက်ဘေးက လွတ်မြောက်ဖို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံခေါ်ယူဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို အခုလို သွားရောက်တာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ စစ်ကောင်စီလူမှုရေးဝန်ကြီး အောင်မျိုးဦး၊ လ.၀.က ညွှန်ကြားရေးမှူး မင်းဇော်၊ အမျိုးသားမှတ်ပုံတင်ရေးဦးစီဌာနမှ ညွှန်ကြားရေးမှူး စောနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လင်းထက်အောင်၊ ကိုယ်ရေးအရာရှိ ၁ ဦး၊ မောင်တောဘက်မှ ဥက္ကဋ္ဌ ၂ ဦး၊ ခရိုင် လ.ဝ.ကမှူး ထွန်းစံလှ၊ လ.ဝ.က မှူး မြစိန်၊ ဒု လ.ဝ.က မှူး အောင်ထွန်းလင်း၊ မကဖ- လ.ဝ.က (ကျီကန်းပြင်) အဖွဲ့မှူး ဗိုလ်မှူးကျော်မော်ထွန်း ထွေအုပ်ဝန်ထမ်းမှ ထွန်းမြင့်၊ အုပ်ချုပ်ရေးမှူး အဒူရော်မာန်၊ မြို့မအရှိရပ်ကွက်မှ ဟိန္ဒူလူမျိုး ဆူဘမ်(ခ)ကျော်ကျော်နိုင်၊ မြို့မတောင်ရပ်ကွက်မှ မတ်ရှော်ရိပ်ခ်၊ မောင်တောမြို့နယ်ရဲတပ်ဖွဲ့လက်အောက် နယ်ထိန်းအဖွဲ့ ၅ ဦး၊ စုစုပေါင်း အယောက် ၂၀ လောက် လိုက်ပါသွားပါတယ်။
ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။
ကုလသမဂ္ဂ ရာသီဥတုထိပ်သီးညီလာခံကို အောက်တိုဘာ ၃၁ ကစပြီး နိုဝင်ဘာ ၁၂ ရက်အထိ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတာဖြစ်ပါတယ်။
ဒီညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဏာသိမ်း စစ်ကောင်စီဘက်က အပြိုင်အစီရင်ခံစာတွေတင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့အစီရင်ခံစာကို လက်ခံခဲ့တယ်လို့ သိရပါတယ်။
အခုစစ်ကောင်စီဘက်ကတင်ခဲ့တဲ့အစီရင်ခံစာဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ကဏ္ဍစုံက ပညာရှင်တွေစုပေါင်းရေးသားထားတဲ့အစီရင်ခံစာကို တင်ခဲ့တာဖြစ်ပြီး အစီရင်ခံစာတင်သွင်း ခွင့်ပြုထားတဲ့ Focal Person က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိတဲ့ Non CDM ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့တင်ခွင့်ရခဲ့တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။
အဲဒီညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ခွင့်မရခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး တင်ပြမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ နိုင်ငံအလိုက်တာဝန်ယူမှုနဲ့ ပတ်သက်ပြီးရေးဆွဲထားတယ်ဆိုတာကို မတင်ပြနိုင်ဘဲ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိခိုက်နိုင်တယ်လို့ သုံးသပ်မှုလည်းရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ အဲဒီညီလာခံကိုတက်ဖို့သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အစည်းအဝေးတက်ခွင့်မရတာနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။
Photo-Reuters