close

ကမ္ဘာ့ရာသီဥတုထိပ်သီးညီလာခံကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ခွင့်မရ

ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

ကုလသမဂ္ဂ ရာသီဥတုထိပ်သီးညီလာခံကို အောက်တိုဘာ ၃၁ ကစပြီး နိုဝင်ဘာ ၁၂ ရက်အထိ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေတာဖြစ်ပါတယ်။ 

ဒီညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့  အာဏာသိမ်း စစ်ကောင်စီဘက်က အပြိုင်အစီရင်ခံစာတွေတင်ခဲ့ပေမယ့်  စစ်ကောင်စီရဲ့အစီရင်ခံစာကို လက်ခံခဲ့တယ်လို့ သိရပါတယ်။

အခုစစ်ကောင်စီဘက်ကတင်ခဲ့တဲ့အစီရင်ခံစာဟာ အန်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ကဏ္ဍစုံက ပညာရှင်တွေစုပေါင်းရေးသားထားတဲ့အစီရင်ခံစာကို တင်ခဲ့တာဖြစ်ပြီး အစီရင်ခံစာတင်သွင်း ခွင့်ပြုထားတဲ့ Focal Person က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခြင်းမရှိတဲ့ Non CDM ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့တင်ခွင့်ရခဲ့တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

အဲဒီညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ခွင့်မရခဲ့တာကြောင့် မြန်မာနိုင်ငံနဲ့ပတ်သတ်ပြီး တင်ပြမယ့်  ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ နိုင်ငံအလိုက်တာဝန်ယူမှုနဲ့ ပတ်သက်ပြီးရေးဆွဲထားတယ်ဆိုတာကို မတင်ပြနိုင်ဘဲ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ထိခိုက်နိုင်တယ်လို့  သုံးသပ်မှုလည်းရှိပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီညီလာခံကိုတက်ဖို့သွားရောက်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အစည်းအဝေးတက်ခွင့်မရတာနဲ့ပတ်သတ်ပြီး သတင်းထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

Photo-Reuters

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up