close

စစ်ကောင်စီစစ်ဆေးရေးဂိတ်

close

November 23, 2022

မှော်ဘီရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ယာဥ်စစ်ဆေးရေးဂိတ် နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မှော်ဘီမြို့ ကင်မလင်ကျေးရွာ အမှတ် ၄ လမ်းမကြီး သဲဖြူတောရဓမ္မရိပ်သာ ကျောင်းတိုက်မုခ်ဦးရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဥ်စစ်ဆေးရေးဂိတ် ဒီနေ့ ၈ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“အဝေးထိန်းခလုတ်နဲ့ ခွဲတာထင်တယ်။ ယာဥ်စစ်ဆေးနေတဲ့ စစ်သားတွေ ထိတာ။ နှစ်ဦးဒဏ်ရာရတယ်။ လူနာတင်ယာဥ်ရော စစ်ကားတွေရော ရောက်လာတယ်။ ဒဏ်ရာကတော့ပြင်းထန်တယ်။ မျက်နှာတခုလုံး သွေးတွေချည်းပဲ။”

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်က တပ်ကြပ်တဦးနဲ့ ဒုတပ်ကြပ်တဦး ဒဏ်ရာရခဲ့ပြီး မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“နှစ်ဦးဒဏ်ရာရတာ ဟုတ်ပါတယ်။ အခု မင်္ဂလာဒုံစစ်ဆေးရုံမှာ အခြေအနေစိုးရိမ်ရတယ်။ အခု စစ်ဆေးရေးဂိတ်မှာ အင်အားတိုးမြှင့်ချထားတယ်။”

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Yangon Urban Guerrilla Army (YUGA MO-7 Eagles) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတချို့ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

9 hours Ago

October 9, 2022

မုံရွာမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရ

မုံရွာမြို့အဝင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မအူစစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၈ ရက်နေ့ မနက်အစောပိုင်း ၁ နာရီလောက် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ မိနစ် ၃၀ အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေဆုံးအများပြားရှိနိုင်ပေမယ့် အခြေနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တယ်လို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြောပါတယ်။

"မအူဂိတ်ကို အလစ်ငိုက်ပြောက်ကျားစစ်ဆင်ရေးတရပ်အနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ အပြန်လှန်တိုက်ပွဲဖြစ်ကြတယ်။ သူတို့ဘက်ကလည်း ၄၀ မမ၊ စက်လက်တွေနဲ့ တရစပ်ပြန်ပြီး ပစ်ခတ်တာတွေရှိတယ်။ လတ်တလောတော့ လုံ‌ခြုံရေးအခြေနေအရ ရန်သူအထိခိုက် အကျဆုံးတော့ မသိရသေးဘူး။ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့တွေဘက်ကတော့ အားလုံးအထိခိုက်မရှိခဲ့ပါဘူး" လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုလို တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့နယ် မုံရွေး-ကြေးမုံကျေးရွာနဲ့ ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာတို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းမီးရှို့မှုအပေါ် ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း ၄ မှ တပ်ခွဲ ၄ ၊ Teacher People Defence Force - PDF ၊ UG (မြေအောက်တော်လှန်ရေးအဖွဲ့)နဲ့ Springs Dove တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စင်တင်ဘာ ၁၂ ရက်နေ့ကလည်း မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပါတယ်။

2 months Ago
Up