close

မှော်ဘီရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ်ရဲ့ ယာဥ်စစ်ဆေးရေးဂိတ် နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံရပြီး စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မှော်ဘီမြို့ ကင်မလင်ကျေးရွာ အမှတ် ၄ လမ်းမကြီး သဲဖြူတောရဓမ္မရိပ်သာ ကျောင်းတိုက်မုခ်ဦးရှေ့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဥ်စစ်ဆေးရေးဂိတ် ဒီနေ့ ၈ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“အဝေးထိန်းခလုတ်နဲ့ ခွဲတာထင်တယ်။ ယာဥ်စစ်ဆေးနေတဲ့ စစ်သားတွေ ထိတာ။ နှစ်ဦးဒဏ်ရာရတယ်။ လူနာတင်ယာဥ်ရော စစ်ကားတွေရော ရောက်လာတယ်။ ဒဏ်ရာကတော့ပြင်းထန်တယ်။ မျက်နှာတခုလုံး သွေးတွေချည်းပဲ။”

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်က တပ်ကြပ်တဦးနဲ့ ဒုတပ်ကြပ်တဦး ဒဏ်ရာရခဲ့ပြီး မဂ်လာဒုံစစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“နှစ်ဦးဒဏ်ရာရတာ ဟုတ်ပါတယ်။ အခု မင်္ဂလာဒုံစစ်ဆေးရုံမှာ အခြေအနေစိုးရိမ်ရတယ်။ အခု စစ်ဆေးရေးဂိတ်မှာ အင်အားတိုးမြှင့်ချထားတယ်။”

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ Yangon Urban Guerrilla Army (YUGA MO-7 Eagles) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတချို့ဖြစ်ခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up