ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာရပ်ကွက်မှာ ဒီဇင်ဘာ ၁၃ ရက် မနက် ၄ နာရီလောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက နေအိမ်မှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သိရပါတယ်။
“မနက် ၄ နာရီလောက်က စစ်သားတွေ အများကြီးလာပြီး သူတို့အိမ်တွေမှာ လာဖမ်းသွားတာ။ PDF တွေကို လာဖမ်းတာလို့ကြားတယ်။ ဖမ်းသွားတဲ့သူတွေက PDF ကလည်း မဟုတ်ဘူး။ သာမန်လူတွေပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း လူငယ် ၁၄ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်ဆိုသူတယောက် သေနတ်ပစ်သတ်ခံရပြီး ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရာအိမ်မှူးတယောက် ပစ်သတ်ခံခဲ့ရတာကြောင့် ခုနောက်ပိုင်း စစ်ကောင်စီဘက်က ဖမ်းဆီးတာတွေ ခပ်စိတ်စိတ် ပြန်လုပ်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားတာ ၄ လနီးပါး ရှိလာပြီလည်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၄ မြောက်ရပ်ကွက်၊ မြို့မ ၁၁ လမ်းရှိ နေအိမ်တအိမ်မှာ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်တွေက မနေ့ည သန်းခေါင်းကျော် စက်တင်ဘာ ၁၃ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။
ဖမ်းခံရသူ နှစ်ယောက်ဟာ အသက် ၄၀ နီးပါးအရွယ်ရှိပြီး အိမ်ငှားနေကြသူတွေ ဖြစ်ပါတယ်။
“ ဒီကနေ့ မနက်ခင်း ၁ နာရီလောက်က သူတို့နေတဲ့အိမ်ကို ၀င်ရောက်စီးနင်းဖမ်းဆီးပြီး မနက် ၁၁ နာရီထိ စစ်ကောင်စီတပ်ဖွဲ့တွေ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိပါဘူး။” လို့ သာကေတ ဒေသခံ တဦးက ပြောပါတယ်။
သူတို့ကို ကျည်ဆန်တွေနဲ့အတူ ဖမ်းမိတာလို့ ဒေသခံတွေအကြား ပြောနေကြပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသလို ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။
ဒေသခံတဦးက “သူတို့က ငှားနေကြတာ၊ ထားဝယ်သံဝဲတယ်။ စမ်းချောင်းအဆက်လို့ ကြားရတယ်၊ ခြောက်လုံးပြူး သေနတ်ကျည်ဆန်တွေ့တယ်လို့ကြားတယ်။ သေနတ်တော့ မတွေ့ကြဘူးတဲ့။ သူတို့နှစ်ယောက်ကို ခေါ်သွားကြပြီ။ အခုတပ်က အိမ်ပေါ်မှာ နေနေကြတယ်။” လို့ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် မနေ့မနက်က သာကေတမြို့နယ် သုမနလမ်းပေါ်မှာ ကားနှစ်စီးထိခိုက်ပျက်စီးတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီလက်နက်ကိုင်တပ်တွေဟာ မနေ့က သာကေတမြို့နယ် အမှတ် ၅ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ရင်း လူငယ်တချို့ကို ဖမ်းဆီးခဲ့သလို အမှတ် ၁ ရပ်ကွက်အတွင်းမှာလည်း ဧည့်စာရင်းစစ်ဆေးရင်း လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။