close

သာကေတတွင် အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်   ၄  မြောက်ရပ်ကွက်၊ မြို့မ ၁၁ လမ်းရှိ  နေအိမ်တအိမ်မှာ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်တွေက မနေ့ည သန်းခေါင်းကျော် စက်တင်ဘာ ၁၃ ရက်   မနက်အစောပိုင်း ၁ နာရီလောက်မှာ ဝင်ရောက် ဖမ်းဆီးသွားပါတယ်။ 

ဖမ်းခံရသူ နှစ်ယောက်ဟာ  အသက် ၄၀ နီးပါးအရွယ်ရှိပြီး အိမ်ငှားနေကြသူတွေ ဖြစ်ပါတယ်။

“ ဒီကနေ့ မနက်ခင်း ၁ နာရီလောက်က  သူတို့နေတဲ့အိမ်ကို ၀င်ရောက်စီးနင်းဖမ်းဆီးပြီး မနက် ၁၁ နာရီထိ စစ်ကောင်စီတပ်ဖွဲ့တွေ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာတော့ မသိပါဘူး။” လို့ သာကေတ ဒေသခံ တဦးက ပြောပါတယ်။ 

သူတို့ကို ကျည်ဆန်တွေနဲ့အတူ ဖမ်းမိတာလို့  ဒေသခံတွေအကြား ပြောနေကြပေမဲ့ အတည်ပြုနိုင်ခြင်းမရှိသလို  ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။

ဒေသခံတဦးက “သူတို့က ငှားနေကြတာ၊ ထားဝယ်သံဝဲတယ်။ စမ်းချောင်းအဆက်လို့ ကြားရတယ်၊ ခြောက်လုံးပြူး သေနတ်ကျည်ဆန်တွေ့တယ်လို့ကြားတယ်။ သေနတ်တော့ မတွေ့ကြဘူးတဲ့။ သူတို့နှစ်ယောက်ကို ခေါ်သွားကြပြီ။ အခုတပ်က အိမ်ပေါ်မှာ နေနေကြတယ်။” လို့ပြောပါတယ်။ 

စက်တင်ဘာ ၁၂ ရက် မနေ့မနက်က သာကေတမြို့နယ် သုမနလမ်းပေါ်မှာ ကားနှစ်စီးထိခိုက်ပျက်စီးတဲ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကိုင်တပ်တွေဟာ မနေ့က  သာကေတမြို့နယ် အမှတ် ၅ ရပ်ကွက်မှာ ဧည့်စာရင်းစစ်ရင်း လူငယ်တချို့ကို ဖမ်းဆီးခဲ့သလို  အမှတ် ၁ ရပ်ကွက်အတွင်းမှာလည်း ဧည့်စာရင်းစစ်ဆေးရင်း လူငယ်တချို့ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up