စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်နက်ကိုင်တပ်တွေ သံချပ်ကာကား ၂ စီး၊ စစ်ကားအစီး ၄၀ အတူ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“အခုကျနော်တို့ ကလေးမြို့မှာ စစ်ကား အစီး ၄၀ နဲ့ သံချပ်ကာကား ၂ စီး ဒီမနက် ပိုင်းကရောက်လာတယ်။ အခုကစစ်အင်အားဖြည့်တင်ပြီးစစ်ဆင်ရေးလုပ်တော့မယ်ထင်တယ်”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုလိုစစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်းလာတဲ့အတွက် မြို့သူမြို့သားတွေအတွက် စိုးရိမ်ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေ၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ စစ်ဆင်နေတာဖြစ်ပြီး ကလေးမြို့မှာလည်း ဒေသခံ PDFတွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မီးပွိုင့်တွေရှိ ယာဉ်ထိန်းရဲရုံးတွေ အပါအဝင် အနည်းဆုံးနေရာ ၄ နေရာလောက်မှာ သြဂုတ် ၃၀ ရက် ဒီကနေ့ မနက် အစောပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီမနက် ၅ နာရီဝန်းကျင်လောက်က အင်းစိန်ပေါက်တောဝ မီးပွိုင့်က ယာဉ်ထိန်းရဲရုံး၊ အင်းစိန် ဂျပန်လမ်းမီးပွိုင့်က ယာဉ်ထိန်းရဲရုံး ၊အင်းစိန် BOC မီးပွိုင့်က ယာဉ်ထိန်းရဲရံးနဲ့ အင်းစိန်ရထား ဘူတာအနီး စစ်ကောင်စီလုံခြုံရေးစောင့်နေတဲ့နေရာတို့မှာ ပေါက်ကွဲခဲ့တာလို့ မြို့နယ်နေ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းက အင်းစိန်မြို့နယ်အပြင် မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ကမာရွတ်လှည်းတန်းနဲ့ စမ်းချောင်းမြို့နယ်တို့မှာလည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှု ရှိမရှိ အတိအကျ မသိရသေးပါ။
ပေါက်ကွဲမှုဖြစ်တဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး တင်းကျပ် စစ်ဆေးနေသလို မြို့အဝင်အထွက် အထင်ကရ တံတားတွေမှာလည်း ခရီးသွားပြည်သူတွေကို တားဆီးစစ်ဆေးနေပါတယ်။
လှိုင်သာယာမြို့နယ် အောင်ဇေယျ(ကြိုးတံတား)၊ ဘုရင့်နောင်တံတား၊ ရွှေပြည်သာတံတားတွေမှာ စစ်ကောင်စီတပ်တွေက ဘယ်ညာ အဝင်အထွက် တားဆီးစစ်ဆေး နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
တက္ကစီတွေတွေဆိုရင်လည်း ကားပေါ်ပါလာသူတွေကို ဆင်းခိုင်းပြီး ရှာဖွေစစ်ဆေးတာ အပါအဝင် မြို့နယ်တွင်း နေရာအတော်တော်များများကို ပိတ်ဆို့ရှာဖွေနေတာကြောင့် မြို့တွင်း ယာဥ်ကြောကြပ်တဲ့အထိ လမ်းပိတ်ဆို့နေတယ်လို့ သိရပါတယ်။