၂၀၂၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့ ကျရောက်မယ့် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို အထူးစည်ကားစွာကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေသလို ရက္ခိုင်တပ်တော်ဘက်ကလည်း သင်္ကြန်ပွဲအတွက် ပြင်ဆင်နေပါတယ်။
ပြည်နယ်မြို့တော် စစ်တွေအပြင်၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဘူးသီးတောင်၊ မောင်တော မြို့တွေမှာ ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီး အထူးစည်ကားစွာကျင်းပဖို့ ညွှန်ကြားထားပြီး ရခိုင်ရိုးရာ သင်္ကြန်မဏ္ဍပ်တွေအတွက် စစ်ကောင်စီက ငွေကြေးထောက်ပံ့ဖို့ရှိတယ်လို့ ပြည်နယ်စစ်ကောင်စီရုံး တာဝန်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ် စစ်ကောင်စီရုံးတာဝန်ရှိသူတဦးက "ဗဟိုမဏ္ဍပ်တွေရှိမယ်။ လမ်းလျှောက် သင်္ကြန်တွေရှိမယ်၊ မီဇံရပ်ကွက်မှာကျင်းပမယ်။ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တွေအတွက်တော့ သိန်း ၂၀၀ ဘတ်ဂျက်တင်ထားတယ်"လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရက္ခိုင့်တပ်တော်(ULA/AA) က ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ ဦးဆောင်ကျင်းပခဲ့ပြီး မြောက်ဦးနဲ့ ကျောက်တော်ကြားရှိ ဇီးချောင်းသင်္ကြန်၊ လေးမြို့မြစ်မှာ ရေပါ်သင်္ကြန်ကို ပုံစံအသစ်ဖန်တီးကာ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကား ကားကျင်းပပေးခဲ့ပါတယ်။
အခုနှစ်မှာလည်း ဇီးချောင်းဆည်သင်္ကြန်ပွဲကို နာမည်ကြီးအဆိုတော်တွေနဲ့ အရင်နှစ်ကလို ဖျော်ဖြေရေးတွေနဲ့ အထူးစည်ကားစွာကျင်းပဖို့ ပြင်ဆင်ထားတယ်လို့ ပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
"ဇီချောင်းသင်္ကြန်ပွဲကိုဒီနှစ်လည်း အထူးစွာကျင်းပဖို့စီစဥ်ထားကြတယ်။ အဓိကပြည်သူတွေက ဒီပွဲကို ကျင်းပစေချင်ကြတယ်။ ဇီးချောင်းသင်္ကြန်ဆို တစ်နှစ်တည်းနဲ့ နာမည်ကြီးသွားတာကို။ ပွဲကိုမနှစ်ကထက်ပိုပြီး စည်ကားဖြစ်အောင်လုပ်ဆောင်သွားမယ်"လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှ မြန်မာစစ်ကောင်စီစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပတ်အခတ်ရပ်စဲရေးနားလည်မှုယူထားပြီး လက်ရှိ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသ အတွင်းကို စက်တင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) တို့ကြား အပြန်အလှန် စွပ်စွဲနေကြပါတယ်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ် Md Iqbal သေဆုံခဲ့ပြီး နောက်ထပ် ၅ ဦးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က စက်တင်ဘာ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းသမ်းပစ်ခတ်နေတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီက လူမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် များစွာဝမ်းနည်း စိတ်ကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါအပြင် ပြီးခဲ့တဲ့ နှစ်ကာလအတွင်းကလည်း စစ်ကောင်စီတပ်တွေက ရက္ခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဆိုးဝါးတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုမှာလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ မဆင်မခြင် ဗုံကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ယခင်ကတည်းက ဒုက္ခရောက်နေကြတဲ့ မွတ်ဆလင် တွေမှာ အခုအခါမှာလည်း တနိုင်ငံလုံးရှိ မြန်မာပြည်သူများနည်းတူ စစ်ဘေးစစ်ဒဏ်ကို ထပ်မံခံစားနေရပြီး စစ်ကောင်စီတပ်က ၎င်းတို့ ကျူးလွန်ထားတဲ့ အဖြစ်အပျက်တွေကို အခြားသူတွေ ပြုလုပ်တဲ့ဆိုပြီး ဝါဒဖြန့်လွှဲချနေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကလည်း အေအေနဲ့ အာဆာ(ARSA) အကြမ်းဖက်အဖွဲ့တို့ပူးပြီး မြန်မာ- ဘင်္ဂလားဒေရှ်နယ်စပ်ရှိ စစ်ကောင်စီရဲ့ တောင်ပြိုဝဲ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးမှာ စစ်ကောင်စီစခန်းနဲ့ ခြံစည်းရိုးကို ကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေစဉ်မှာ အေအေအနေနဲ့ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ ပေါင်းပြီးတော့ နယ်စပ်ဒေသတည်ငြိမ်းအေချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ နယ်စပ်ခြံလုံခြုံရေး တာဝန်ထမ်းဆောင်နေကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးအနီးက နေပြီး အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲထားပါတယ်။
ရက္ခိုင်တပ်တော် (အေအေ) နဲ့ အာဆာ (ARSA) အဖွဲ့တို့အကြား မည်သည့် ဆက်ဆံရေးမျိုးမှ မရှိဘူးလို့ ရက္ခိုင်တပ်တော်(အေအေ)ဖက် အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။
မြန်မာဘက်ကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီး ကျရောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ သံအမတ်ကို အကြိမ်ကြိမ်ခေါ်ယူသတိပေးနေတာတွေရှိတယ်လို့ သိရပါတယ်။