close

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် လက်နက်ကြီးကျရောက်မှု စစ်ကောင်စီနှင့် အေအေတို့ အပြန်အလှန်စွပ်စွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသ အတွင်းကို စက်တင်ဘာ ၁၆ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) တို့ကြား အပြန်အလှန် စွပ်စွဲနေကြပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ် Md Iqbal သေဆုံခဲ့ပြီး နောက်ထပ် ၅ ဦးမှာလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) က စက်တင်ဘာ ၁၇ နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ မဆင်မခြင် ရမ်းသမ်းပစ်ခတ်နေတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး စစ်ကောင်စီက လူမဆန်စွာ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် များစွာဝမ်းနည်း စိတ်ကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ နှစ်ကာလအတွင်းကလည်း စစ်ကောင်စီတပ်တွေက ရက္ခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဆိုးဝါးတဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ပြီး ယခုမှာလည်း ဂျက်တိုက်လေယာဉ်တွေနဲ့ မဆင်မခြင် ဗုံကြဲတိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ယခင်ကတည်းက ဒုက္ခရောက်နေကြတဲ့ မွတ်ဆလင် တွေမှာ အခုအခါမှာလည်း တနိုင်ငံလုံးရှိ မြန်မာပြည်သူများနည်းတူ စစ်ဘေးစစ်ဒဏ်ကို ထပ်မံခံစားနေရပြီး စစ်ကောင်စီတပ်က ၎င်းတို့ ကျူးလွန်ထားတဲ့ အဖြစ်အပျက်တွေကို အခြားသူတွေ ပြုလုပ်တဲ့ဆိုပြီး ဝါဒဖြန့်လွှဲချနေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်ကလည်း အေအေနဲ့ အာဆာ(ARSA) အကြမ်းဖက်အဖွဲ့တို့ပူးပြီး မြန်မာ- ဘင်္ဂလားဒေရှ်နယ်စပ်ရှိ စစ်ကောင်စီရဲ့ တောင်ပြိုဝဲ စခန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးမှာ စစ်ကောင်စီစခန်းနဲ့ ခြံစည်းရိုးကို ကျော်လွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေစဉ်မှာ အေအေအနေနဲ့ အာဆာ အကြမ်းဖက်အဖွဲ့နဲ့ ပေါင်းပြီးတော့ နယ်စပ်ဒေသတည်ငြိမ်းအေချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ နယ်စပ်ခြံလုံခြုံရေး တာဝန်ထမ်းဆောင်နေကြတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေကို မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးအနီးက နေပြီး အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးပျက်ပြားစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့  စွပ်စွဲထားပါတယ်။

ရက္ခိုင်တပ်တော် (အေအေ) နဲ့ အာဆာ (ARSA) အဖွဲ့တို့အကြား မည်သည့် ဆက်ဆံရေးမျိုးမှ မရှိဘူးလို့ ရက္ခိုင်တပ်တော်(အေအေ)ဖက် အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

မြန်မာဘက်ကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လက်နက်ကြီး ကျရောက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ သံအမတ်ကို အကြိမ်ကြိမ်ခေါ်ယူသတိပေးနေတာတွေရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up