ကချင်ပြည်နယ် နောင်မွန်မြို့က ဒေသခံလူငယ်တစ်ဦးအား စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နဲ့ ရဲတွေက ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီ၀န်းကျင်လောက်မှာ မတရားဖမ်းဆီးသွားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြည်သူ့စစ်နဲ့ရဲတွေ ဒီနေ့ ဖမ်းလိုက်တဲ့လူငယ်က သူ့ဘာသာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး အေးဆေးနေတဲ့လူငယ် ဖြစ်ပါတယ်။ အရင်တလောက သိက္ခာတော်ရဓမ္မဆရာ ၃ ပါး ဖမ်းဆီးခံရမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းခေါ်သွားတယ်။ မနက်ဖြန် ပူတာအိုကို လွှဲမယ် သိရတယ်။”
ပူတာအို ဒေသခံလူငယ်တွေ မတရားဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အကျဉ်းထောင်မှ လွတ်မြောက်လာတဲ့ လူငယ်တစ်ဦးက ခုလိုပြောပါတယ်။
“အခုလို လူငယ်တွေကို မတရားလိုက်ဖမ်းနေတဲ့ လုပ်ရပ်ဟာ သူတို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုကို မလိုလားဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။ ပူတာအိုဒေသကို တည်ငြိမ်စေချင်ရင် အခုလို အေးချမ်းစွာနေတဲ့ လူငယ်တွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး လိုက်ဖမ်းနေတာကို လုံးဝ ရပ်တန်းက ရပ်သင့်တယ်။”
စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစပြီး မတရားဖမ်းဆီးခံရတဲ့ ပူတာအိုဒေသခံလူငယ် ၄၀ ကျော်ရှိပြီး ပူတာအိုအကျဉ်းထောင်မှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရကာ တချို့ကတော့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်၊ မာတရပ် မျိုးချစ်ဆန်စက်ရှေ့တန်းလျားမှာနေထိုင်တဲ့ အသက် ၆၀ ကျော် အမျိုးသမီးကို ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက ရဲတွေရောက်လာပြီး လည်ပင်းကို သေနတ်နဲ့ ပစ်သတ်သွားပါတယ်။
သတင်းပေးတယောက်နဲ့ ရဲသုံးယောက်က စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လူငယ်တဦးကို လာရောက်ရှာဖွေချိန်ဖမ်းဆီးစဉ်မှာ အသက် ၆၀ ကျော်အရွယ် ဒေါ်မဌေးကို ရဲက သေနတ်နဲ့ပစ်သတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ရေကြည်ဦးက ဒလန် ကျော်ကြီး(ခ) ကျော်မင်းဆိုတဲ့ ကောင်ကို ခေါ်ပြီး အိမ်ကိုလာရှာတာ အဲ့အချိန်မှာ ရဲက လည်ပင်းပစ်သွားတာ ဘာမှမဆိုင်တဲ့သူကို ပစ်သွားတာ ပြီးတော့ ပြောသေးတယ် သူတို့မိုးပေါ်ပစ်တာတဲ့ ပြီးတော့ ဆိုင်ကယ်နဲ့ထွက်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ရဲက လူငယ်တဦးကို ဖမ်းဆီးသွားခဲ့ကာ မဆိုင်တဲ့ အမျိုးသမီးတယောက်ကို ပစ်သတ်သွားပြီး သူတို့မိုးပေါ်ကို ထောင်ပစ်တာလို့ ပြောဆိုကာ ဆိုင်ကယ်နဲ့ပြန်သွားကြတယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ အသက် ၆၀ ကျော် ဒေါ်မဌေးဟာ နေရာမှာတင်သေဆုံးခဲ့ပြီး ဆေးရုံကိုပို့ဆောင်ကာ ရင်ခွဲစစ်ဆေးတာတွေပြုလုပ်ပြီး ဒီဇင်ဘာ ၂၀ ရက်နေ့မှ ပြန်ပို့ခဲ့ကာ ဒီနေ့မှာတော့ မီးသင်္ဂြိုလ်ဖို့ရှိတယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲနဲ့ စစ်တပ်က အပြစ်မဲ့ ပြည်သူ ၁၃၀၀ ကျော်ကို ပစ်ခတ် သတ်ဖြတ်ခဲ့ပေမဲ့ တယောက်မှ အရေးယူခံရတာမရှိသလို စစ်ကောင်စီအနေနဲ့ တာဝန်ယူ တာဝန်ခံမှုလည်း မရှိခဲ့ပါတယ်။