close

စစ်ကောင်စီဝန်ကြီးများ

close

February 22, 2022

စစ်ကောင်စီဝန်ကြီးများအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီလုပ်ငန်း ၄ ခုကို အီးယူ ပိတ်ဆို့ဒဏ်ခတ်

မြန်မာစစ်ကောင်စီဝန်ကြီးတွေ၊ စစ်တပ်အရာရှိကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၂ ယောက်နဲ့  စစ်တပ်ဒေါက်တိုင် ကုမ္ပဏီလုပ်ငန်း ၄ ခုကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်လိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုမိုဖြစ်ပွားနေပြီး သေကျေပျက်စီးမှုအခြေအနေ ဆက်လက်ဆိုးဝါး နေတာကြောင့် ဥရောပကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုကို စတုတ္ထ အကျော့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်လိုက်တာလို့ ဆိုပါတယ်။ 

ဒဏ်ခတ်အရေးယူခံရသူတွေအထဲမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊  စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်နိုင်ဦး၊ ဦးချာလီသန်း၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊  မြန်မာစစ်တပ် အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့  ဒုဗိုလ်ချုပ်ကြီး တေဇကျော်  (အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး) ၊  ဒုဗိုလ်ချုပ်ကြီး အောင်ဇော်အေး  (အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး) နဲ့  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်တို့ လည်းပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဒေါက်တိုက်ကုမ္ပဏီတွေဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စု၊ IGE (International Group of Enterpreneurs), ကုမ္ပဏီလုပ်ငန်းအုပ်စု၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း  (MOGE)တို့ လုပ်ငန်း ၄ ခုလည်း  ပိတ်ဆို့ဒဏ်ခတ်တဲ့အထဲ ပါဝင်ပါတယ်။

အခုထပ်မံအရေးယူလိုက်တာအပါအဝင် အီးယူကပိတ်ဆို့ဒဏ်ခတ်အရေးယူထားသူစုစုပေါင်း ၆၅ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀ ခုရှိသွားပြီး အရေးယူခံရသူတွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဝင်ငွေရလမ်းတွေကို တားမြစ်တာ၊ အီးယူပိုင်နက်အတွင်း ဝင်ရောက်ဖြတ်သန်း ခရီးသွားလာခွင့်ပိတ်ပင်တာတွေ ခံရမှာ ဖြစ်ပါတယ်။

5 mins Ago

February 16, 2022

ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေချိန် စစ်ကောင်စီဝန်ကြီးများ အပြိုင်အဆိုင် ထမနဲထိုးပွဲကျင်းပနေ

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု နေ့စဉ်ထောင်နဲ့ချီရှိနေချိန်မှာ စစ်ကောင်စီခန့် ဝန်ကြီးတွေဟာ ထမနဲထိုးပြိုင်ပွဲတွေကို  အပြိုင်အဆိုင်ကျင်းပနေကြပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို  နေပြည်တော်မှာ   ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲပိုင်းက   ကျင်းပရာမှာ  စစ်ကောင်စီခန့် ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ အရာထမ်းအမှုထမ်းတွေတက်ရောက် အားပေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထမနဲထိုးပြိုင်ပွဲကို မနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီးမှာ ကျင်းပရာ စစ်ကောင်စီခန့် ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်နဲ့ ဌာနအကြီးအကဲတွေ၊ ဝန်ထမ်းတွေ တက်ရောက်အားပေးကြတယ်လို့ဆိုပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ဒုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနဲ့ ဗိုလ်ချုပ် ဖြိုးသန့်တို့ ဦးဆောင်ပြီး ထမနဲထိုးပြိုင်ပွဲကျင်းပခဲ့သလို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစတဲ့ ဌာနဆိုင်ရာတွေအပြင် တိုင်းစစ်ဌာနချုပ်အသီးသီးမှာလည်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို မနေ့မနက်က ကျင်းပသွားပါတယ်။

စစ်ကောင်စီဝန်ကြီးတွေ  ထမနဲထိုးပြိုင်ပွဲတွေ အပြိုင်အဆိုင်ကျင်းပနေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း  ယတြာချေတဲ့အနေနဲ့   နယ်လှည့်  ဘုရားထီးတင်ပွဲတွေ ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ခုသီတင်းပတ်တွေအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်နေ့စဉ်ထောင်နဲ့ ချီ ဆက်တိုက်တွေ့နေသလို ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း အိုမီခရွန် ရောဂါလက္ခဏာနဲ့ နေထိုင်မကောင်းဖြစ်သူတွေလည်း များပြားလာနေပါတယ်။ 

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂,၄၆၇ ယောက်နဲ့ ကူးစက် ခံရသူပေါင်း ၅၅၀,၈၂၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Photo -MOI

6 days Ago
Up