close

စစ်ကောင်စီဝန်ကြီးများအပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီလုပ်ငန်း ၄ ခုကို အီးယူ ပိတ်ဆို့ဒဏ်ခတ်

မြန်မာစစ်ကောင်စီဝန်ကြီးတွေ၊ စစ်တပ်အရာရှိကြီးတွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ အပါအဝင် လူပုဂ္ဂိုလ် ၂၂ ယောက်နဲ့  စစ်တပ်ဒေါက်တိုင် ကုမ္ပဏီလုပ်ငန်း ၄ ခုကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်လိုက်တယ်လို့ အီးယူ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုမိုဖြစ်ပွားနေပြီး သေကျေပျက်စီးမှုအခြေအနေ ဆက်လက်ဆိုးဝါး နေတာကြောင့် ဥရောပကောင်စီအနေနဲ့ မြန်မာစစ်အုပ်စုကို စတုတ္ထ အကျော့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်လိုက်တာလို့ ဆိုပါတယ်။ 

ဒဏ်ခတ်အရေးယူခံရသူတွေအထဲမှာ စစ်ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊  စစ်ကောင်စီခန့် ဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်နိုင်ဦး၊ ဦးချာလီသန်း၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ၊  မြန်မာစစ်တပ် အဆင့်မြင့်အရာရှိကြီးတွေဖြစ်တဲ့  ဒုဗိုလ်ချုပ်ကြီး တေဇကျော်  (အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး) ၊  ဒုဗိုလ်ချုပ်ကြီး အောင်ဇော်အေး  (အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး) နဲ့  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်တို့ လည်းပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ ဒေါက်တိုက်ကုမ္ပဏီတွေဖြစ်တဲ့ ဦးတေဇရဲ့ ထူးကုမ္ပဏီအုပ်စု၊ IGE (International Group of Enterpreneurs), ကုမ္ပဏီလုပ်ငန်းအုပ်စု၊ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း  (MOGE)တို့ လုပ်ငန်း ၄ ခုလည်း  ပိတ်ဆို့ဒဏ်ခတ်တဲ့အထဲ ပါဝင်ပါတယ်။

အခုထပ်မံအရေးယူလိုက်တာအပါအဝင် အီးယူကပိတ်ဆို့ဒဏ်ခတ်အရေးယူထားသူစုစုပေါင်း ၆၅ ယောက်နဲ့ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀ ခုရှိသွားပြီး အရေးယူခံရသူတွေအနေနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ ဝင်ငွေရလမ်းတွေကို တားမြစ်တာ၊ အီးယူပိုင်နက်အတွင်း ဝင်ရောက်ဖြတ်သန်း ခရီးသွားလာခွင့်ပိတ်ပင်တာတွေ ခံရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up