close

စစ်ကောင်စီအရာရှိ

close

April 15, 2023

လွိုင်ကော် ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကြဲခံရ၊ စစ်ကောင်စီအရာရှိ အပါအဝင် ၂၀ ကျော် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရရုံးမဏ္ဍပ် ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

ပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာ လေယာဉ်ကွင်းအနီးရှိ ပြည်နယ်အစိုးရရုံးအတွင်းမှာ ပြုလုပ်တာဖြစ်ပြီး လုံခြုံရေးလည်း တင်းကပ်ထားတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  

ယိမ်းအက ကသူတွေ  စင်ပေါ်မှာ ကပြဖျော်ဖြေနေချိန် ဒရုန်းနဲ့ဗုံးကြဲတိုက်လိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီရဲ့ ရာထူးကြီးပိုင်း ၂ ဦးအပါအဝင် ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ဘေးက သွားတွေ့တဲ့လူတွေရဲ့ အပြောအဆိုအရကတော့  ထိခိုက်တာ ၂၄ ယောက်လောက်တော့ ရှိတယ်ပြောတယ်ဗျာ။ အဲဒီဝင်းကြ ပြည်နယ်အစိုးရဝင်းကြီးက လုပ်တဲ့ အခမ်းအနားဆိုတော့ ဘယ်သူမှဝင်လို့မရဘူး။ ကျနော်တို့ကြားရသလောက်ကတော့ ဒရုန်းနဲ့ချတယ်လို့ပဲ ကြားရတာပေါ့” လို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ပြည်နယ်အစိုးရ ညွန်ကြားရေးမှူး ဦးကျော်ကျော်အုန်း အပါအဝင် အရာရှိ ၂ ဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး သူတို့ကို ရဟတ်ယာဉ်နဲ့ သယ်ယူသွားတယ်လို့ ပြောပါတယ်။

“အကောင်ကြီးက ကျောပေါက်သွားတယ်ကြားတယ်။ ရဟတ်ယာဥ်လာတာ လူနာလာသယ်တာလားတော့ မပြောတတ်ဘူး” ဒေသခံက ပြောပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက် လွိုင်ကော်ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီးတွေနဲ့ ပတ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အလားတူ မိုးဗြဲဘက်မှာလည်း စစ်ကောင်စီရဲ့ ၄၂၂ တပ်ကနေပြီး လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

4 hours Ago

March 25, 2023

ကရင်နီဒေသ တိုက်ပွဲများတွင် စစ်ကောင်စီအရာရှိများအပါအဝင် ၉၀ ကျော်သေဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲမှာ မတ် ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ ၄ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်တွေဘက်က အရာရှိတွေအပါအဝင် အယောက် ၉၀ ကျော် သေဆုံးပြီး ၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာ နက ထုတ်ပြန်ပါတယ်။

ဒေါတမကြီးကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို KA ၊ KNDF /B (10) ၊ KNDF/B (15) ၊ KNDF/B (16) ၊ KNDF/ETD ၊ နေပြည်တော် PDF တို့ပူးပေါင်းကာ တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ကြတာဖြစ်ပါတယ်။

တိုက်ပွဲမှာ MA-1 ၁၀ လက် ၊ MA-2 ၁၀ လက် ၊ MA-3 ၁၀ လက် ၊ MA-4 79တွဲ ၁ လက် ၊ 9MM ပစ္စတို ၅ လက် ၊ RPG ၂ လက် ၊ ၆၀ မမ ပြောင်း ၂ ပြောင်း ၊ မိုင်းရှာစက် ၁ လုံး ၊ ဆက်သွယ်ရေးစက်တွေ ၊ မိုင်း ၊ လက်ပစ်ဗုံး ၊ ကွန်ပျူတာ ၊ ဖုန်း ၊ ဆက်စပ်ခဲယမ်းမီးကျောက်တွေ ၊ အသုံးအဆောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

 KNDF ဘက်က ရဲဘော် ၂ ယောက်အပါအဝင် ၊ KA က ရဲဘော် ၂ ယောက် ၊ နေပြည်တော် PDF က ရဲဘော် ၁ ယောက် ကျဆုံးခဲ့ရပြီး ကျဆုံး ရဲဘော်တွေကို အာဇာနည်သူရဲကောင်းတွေအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်၊ ဒေါညင်းခူ ကျေးရွာဘက်ကို ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့က စတင်ကာ  အင်အား ၃၃၀ လောက်ပါဝင်တဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာဖြစ်ကာ ကရင်နီ ပူးပေါင်းတပ်တွေက လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်နေကြတာဖြစ်ကာ ထိတွေ့တိုက်ပွဲတွေ နေ့စဥ်ပြင်းထန်နေတာ ဖြစ်တယ်လို့ KNDF ကထုတ်ပြန်ပါတယ်။

လတ်တလော ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အထိနာတာကြောင့် ဘောလခဲ ၊ ဖရူဆို အခြေစိုက်တပ်တွေဘက်ကကနေ နေ့စဥ် လက် နက်ကြီးတွေ ပစ်ကူခဲ့တဲ့အပြင် ဂျက်လေယာဥ် ၊ ရဟတ်ယာဉ်တွေနဲ့လည်း နေ့စဥ်နီးပါး လာရောက်ပစ်ခက် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊ ဒေါတမကြီး ကျေးရွာတွေက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်တွေ လေ ကြောင်းပစ်ခတ်မှု ၊ လက်နက်ကြီး ထိမှန်မှုတွေအပြင် မီးရှို့မှုတွေကြောင့် ဒေသခံပြည်သူတွေရဲ့ နေအိမ်အလုံး ၁၀၀ ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့လည်း KNDF က ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီတော်လှန်ရေး အင်အားစုတွေဘက်က ခုခံစစ်ကနေ ထိုးစစ်ဆင်နိုင်တဲ့ တိုက်ပွဲတွေ အရှိန်ကောင်းကောင်းနဲ့ ဖော်ဆောင်နိုင်ဖို့ ခဲယမ်းမီးကျောက်တွေ ဖြည့်တင်းဖို့ လိုအပ်နေတာကြောင့် ပြည်တွင်း ၊ပြည်ပမှထောက်ပို့ မိဘပြည်သူတွေအနေနဲ့ အလေးနက်ထား အကူအညီပေးကြဖို့လည်း  တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

3 weeks Ago
Up